နေပြည်တော် ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အမည်ခံအကြမ်းဖက်သများက ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ ခေမာသီဝံကျောင်းတိုက်သို့ ယာယီပြောင်းရွှေ့ရောက်ရှိလာသည့် ပြည်သူများအား ဆန်၊ ဆီနှင့် အသုံးဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ရှိသော ဘဝတီဓမ္မာရုံ၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယာယီပြောင်းရွှေ့ရောက်ရှိလာသောပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါကျောင်းတိုက်၊ ဦးစီးပဓာန နာယက တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဣဒြိယအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးက ယာယီပြောင်းရွှေ့ရောက်ရှိလာသော ပြည်သူများအား နှုတ်ခွန်းဆက် အားပေးစကားပြောကြားသည်။ ၎င်းနောက် ယာယီပြောင်းရွှေ့ရောက်ရှိလာသည့် အိမ်ထောင်စု ၇၂ စုတို့အတွက် ဆန်၊ ဆီနှင့် အသုံးအဆောင်ပစ္စည်းများကို တိုင်းမှူးနှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးကြရာ ယာယီပြောင်းရွှေ့ရောက်ရှိလာသည့် ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် နယ်မြေခံဆေးတပ်ရင်းမှ တပ်မတော်ဆေးအဖွဲ့များက ယာယီပြောင်းရွှေ့ ရောက်ရှိလာသည့် ပြည်သူများအား လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။