Skip to main content

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆုများ ဆွတ်ခူးခဲ့သော မြန်မာနိုင်ငံတက္ကသိုလ်ဝူရှူးအားကစားအဖွဲ့ ပြန်လည်ရောက်ရှိ

နေပြည်တော် ဩဂုတ် ၈

အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံတက္ကသိုလ်‌ဝူရှူး အားကစားအဖွဲ့သည် ယနေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီးရှိ ပါမောက္ခချုပ်များနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများက လေဆိပ်တွင် လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။

အောင်မြင်စွာဆွတ်ခူး

အဆိုပါ မြန်မာနိုင်ငံတက္ကသိုလ် ဝူရှူးအားကစားအဖွဲ့သည် အုပ်ချုပ်သူမန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ နည်းပြ ဒေါ်ဆွေဆွေသန့်၊ ဝူရှူးအားကစားသမား မမြတ်နိုးအိမ်၊ မအေးသစ္စာမြင့်နှင့် မောင်ခန့်မင်းထက်တို့ပါဝင်လျက် ထိုင်းနိုင်ငံအွန်ဘွန်ရတ်ချဌာနီ၌ ကျင်းပသည့် အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲမှ ဝူရှူးအားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုသို့ယှဉ်ပြိုင်ရာတွင် မြန်မာနိုင်ငံတက္ကသိုလ်ဝူရှူး အားကစားသမားသုံးဦးသည် တစ်ဦးလျှင် လက်နက်မဲ့၊ လက်နက်ဖြင့် ပြိုင်ပွဲနှစ်မျိုးစီ အားကစားပြိုင်ပွဲခြောက်မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုရွှေတံဆိပ်နှစ်ခု၊ ဒုတိယဆုငွေတံဆိပ်နှစ်ခု၊ တတိယဆုကြေးတံဆိပ်တစ်ခုဖြင့် ဆုတံဆိပ်ငါးခုကို အောင်မြင်စွာ ဆွတ်ခူးရရှိခဲ့သည်။

ထို့အတူ ပြည်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသက်လွင် ဦးဆောင်သည့် အုပ်ချုပ်သူတစ်ဦး၊ နည်းပြနှစ်ဦးနှင့် အားကစားသမားရှစ်ဦးတို့ပါဝင်သော မြန်မာနိုင်ငံတက္ကသိုလ်ပိုက်ကျော်ခြင်း အားကစားအဖွဲ့သည်လည်း ယနေ့ပြန်လည်ရောက်ရှိခဲ့ကြသည်။

အလားတူ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲတွင် တတိယဆုကြေးတံဆိပ်ရရှိခဲ့သည့် ရန်ကုန်အဝေးသင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ချစ်စိန် ဦးဆောင်သည့် အုပ်ချုပ်သူ နှစ်ဦး၊ နည်းပြသုံးဦး၊ အားကစားသမား ၁၉ ဦးတို့ပါဝင်သော မြန်မာနိုင်ငံတက္ကသိုလ်ဘောလုံး အားကစားအသင်းသည် ဩဂုတ် ၆ ရက် ညနေ ၆ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဥပဒေချုပ် ဦးဌေးအောင်နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်သို့ သွားရောက်ကြိုဆိုခဲ့ကြသည်။

မြန်မာနိုင်ငံ တက္ကသိုလ်အားကစားအဖွဲ့အနေဖြင့် အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြားပစ်နှင့် ဝူရှူးအားကစားနည်းလေးမျိုးတွင် အားကစားသမားစုစုပေါင်း ၃၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်းရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခုကို ဆွတ်ခူးရရှိခဲ့‌ကြောင်း သိရသည်။

သတင်းစဉ်