နေပြည်တော် သြဂုတ် ၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန်ဦးစီးဌာန စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ကျစစ်ဆေးရေးအဖွဲ့က ရန်ကုန်-ဘားအံ-မြဝတီ ကုန်သွယ်မှုလမ်းမကြီးတစ်လျှောက် အခွန်ပေးဆောင်ထားသည့် ကုန်ပစ္စည်းများထက် ပိုမိုတင်ဆောင်လာကြောင်း သတင်းအရ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ် ရဲမွန်ရွာနှင့် ညောင်တစ်ခြမ်းကျေးရွာကြားတွင် ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည်နှင့် ကိုက်ညီမှုမရှိသော လူသုံးကုန်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၀၃၄၃၂၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Mitsu-bishi ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၈၀၃၄၃၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၅ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ထားဝယ်ခရိုင် မှုခင်းနှိမ်နင်းရေးဌာနဦးစီးသော ပူးပေါင်းအဖွဲ့ကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့နယ် ထိန်သစ်ရပ်ကွက် အခွန်လွတ်စျေးတွင် အကောက်ခွန်မဲ့ SINGER ဘီယာ ၉၅ ကတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၇၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံယစ်မျိုး အက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
လုပ်ထုံးလုပ်နည်းနှင့်အညီအရေးယူ
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့ကစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သြဂုတ် ၅ ရက်နှင့် ၇ ရက်များတွင် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က တမူးမြို့နယ် ရေနန်းရွာ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် တရားမဝင်အင်သစ်ခွဲသား ၁ ဒသမ ၀၆၅၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉၇၈၀)နှင့် ကလေးဝ - ရေဦးသွားကားလမ်း မိုင်တိုင်အမှတ် (၁၀၀/၁)တွင် တရားမဝင် အင်သစ်ခွဲသား ၇ ဒသမ ၆၇၇၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၁၅၈၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ သြဂုတ် ၇ ရက်တွင် စစ်ကိုင်းမြို့ တကောင်းရပ်ကွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က Honda Fit အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၁၁၃၆၀ ) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် သြဂုတ် ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန်ဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေး လမ်းဟောင်းထုံးဘိုတိုးဂိတ်အနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အလှကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၁၆၈၀၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသော Canter အမျိုးအစား ခြောက်ဘီးမော်တော် ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၂၆၈၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သစ်မျိုးစုံဖမ်းဆီးရမိ
အလားတူ သြဂုတ် ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ ၁၅ ဒသမ ၃၁၉၀ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၂၅၃၃၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၅ ရက်၊ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၂ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၁၁၅၄၀၄၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်