နေပြည်တော် ဩဂုတ် ၆
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၄ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာရွှေသံလွင် တိုးဂိတ်တွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အမိုနီယမ်နိုက်ထရိတ် ၂၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၀၀၀၀) အား ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဩဂုတ် ၅ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သောပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဥက္ကံတောင်း(၂)နယ်မြေ၊ ဥက္ကံကြိုးဝိုင်း၊ အကွက်အမှတ် (၅၀)၌ တရားမဝင်မအူသစ်နှင့် မျောက်ငိုသစ် ၆ ဒသမ ၁၂၃၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၁၈၂၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၄ ရက်တွင် ပူးပေါင်းအဖွဲ့များက ပဲခူးခရိုင် ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင်ကျွန်းသစ်၊ ပျဉ်းကတိုးသစ်၊ မျောက်ငိုသစ်နှင့် တောင်ပိန်းသစ် ၁၇ ဒသမ ၈၂၈တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၆၆၃၇၂) ကို သစ်တောဥပဒေအရလည်းကောင်း၊ ဩဂုတ် ၆ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ပေါင်းတလည်မြို့၊ ပြည်-ပေါက်ခေါင်း ကားလမ်း၌ လိုင်စင်မဲ့ HONDA AIR WAVE အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၆၆၃၇၂) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဩဂုတ် ၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေး လမ်းဟောင်းထုံးဘို လမ်းခွဲအနီးတွင် သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော အကောက်ခွန်မဲ့ အနွေးထည်အင်္ကျီများနှင့် ABC တံဆိပ်ပါ ရေမွှေးဆပ်ပြာမှုန့်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၂၆၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော နောက်တွဲယာဉ်ပါ Nissan Diesel Tractor Head အမျိုးအစားကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၂၆၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဩဂုတ်၄ ရက်၊ ၅ ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲကိုးမှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၂၃၈၁၉၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်