Skip to main content

တက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော် ဩဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆုရကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး (စည်ပင်အတွင်း) စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဂုဏ်ပြုအမှာစကားများ ပြောကြားသည်။ ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် လေးဘာသာဂုဏ်ထူးရှင် ၂၇ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၃၂ ဦး၊ ဘက်စုံထူးချွန်လူငယ်ဆုရရှိသူ သုံးဦးနှင့် တက္ကသိုလ်ပညာသင်ဆုရရှိသူ ၁၁ ဦးတို့ကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ဆုချီးမြှင့်ပွဲအပြီးတွင် ဆုရကျောင်းသား၊ကျောင်းသူများကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်