Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မျိုးစေ့ထုတ်စံပြစိုက်ကွင်း၌ ပြုလုပ်သည့် စုပေါင်းမြေသြဇာကြဲပက်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် သြဂုတ် ၆

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တောင်ကောင်စီ၀င်နှင့်အတူ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာရှိ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ထုတ်စံပြ စိုက်ကွင်း၌ ကျင်းပသည့် စုပေါင်း မြေသြဇာကြဲပက်ပွဲသို့ တက်ရောက်အားပေးသည်။

စုပေါင်းမြေသြဇာကြဲပက်ပွဲ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တစ်ဧကချင်း၏ သီးနှံထုတ်လုပ်မှုစွမ်းအား တိုးတက်ရေး၊ သွင်းအားစုစရိတ် သက်သာပြီး သီးနှံအထွက်နှုန်းနှင့် အရည်အသွေး တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို အကျိုးရှိထိရောက်စွာ အသုံးပြုရေး၊ ခေတ်မီနည်းပညာများ အသုံးပြုရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

 ထို့နောက် ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် တောင်သူ ဦးအောင်ငွေ၏ မျိုးစေ့ထုတ်စိုက်ခင်းတွင် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာတွဲဖက်၍ မြေသြဇာ စုပေါင်းကြဲပက်နေမှုကို ကြည့်ရှုအားပေးသည်။

အလားတူ ဒက္ခိဏသီရိမြို့နယ် မဲဒီးကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ ပူးပေါင်း ဆောင်ရွက်သည့်ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲကို ကြည့်ရှုကြပြီး ဒေသနေတောင်သူများနှင့် တွေ့ဆုံကာ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ ဝင်ငွေအကျိုးအမြတ်များသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးဆိုင်ရာ ကိစ္စရပ်များကို ပြောကြားသည်။

ထိုမှတစ်ဆင့် Big M Group၏ သီးနှံစိုက်ကွင်းသို့ ရောက်ရှိကြပြီး လောင်ကန်၊ ကျွဲကော၊ ပိန္နဲ၊ သရက် စိုက်ခင်းများ၊ ပျိုးပင်များကို ကြည့်ရှုအားပေးကာ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နည်းပညာမျှဝေ ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် မီးလောင်ကုန်းကျေးရွာအနီး တည်ဆောက်ထားသည့် ဖောင်းလောင်ရေလှောင်တမံအား ကြည့်ရှုစစ်ဆေးပြီး ပြောင်းလဲလာ သည့်ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးရေ ပေးဝေမှုစနစ်ဖြစ်စေရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်