ရန်ကုန် ဩဂုတ် ၅
ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၈)၏ သင်တန်းဆင်းစစ်ရေးပြအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် တက္ကသိုလ်စစ်ရေးပြကွင်း(၁)၌ ကျင်းပသည်။
သင်တန်းသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင်ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်ဦးဇော်ဇော်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ တက္ကသိုလ်သင်ကြားရေး/စီမံဌာနများမှ ပါမောက္ခဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်အား သင်တန်းဆင်းတပ်ခွဲက အလေးပြုခြင်းများ ဆောင်ရွက်ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်းနှင့် အောင်လက်မှတ်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင်ဦးစိုးတင့်က ယခုသင်တန်းသည် ဘွဲ့ရလူငယ်များအား ပြန်တမ်းဝင်အရာရှိများအဖြစ် တာဝန်များကို ထမ်းဆောင်နိုင်စေရန်၊ ပင်ကိုစွမ်းရည်ရှိသူများကို ပိုမိုထက်မြက်၊ တော်တည့်မှန်ကန်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် အခြေခံကျသည့်ဘာသာရပ်များကို သင်ကြားလေ့ကျင့်ပေးသည့် သင်တန်းဖြစ် ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းရည်မြင့်မားသည့် ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် အလေးထားမျှော်မှန်းပြီး နိုင်ငံတော်ကဖွင့်လှစ်ပေးသည့် သင်တန်းလည်းဖြစ်ကြောင်း။
တက္ကသိုလ်က သင်ကြားပေးလိုက်သည့် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု၊ ဝန်ထမ်းများလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းခွင်တွင် တိုက်ရိုက်အသုံးချရမည့် ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်၊ အင်္ဂလိပ်စာ၊ ICT ဘာသာရပ်များသည် အခြေခံကောင်းများဖြစ်၍ ဆက်လက် ဆည်းပူးလေ့လာသွားကြရန်လိုကြောင်း။
အခြေခံစစ်ပညာသည် စည်းကမ်းကောင်းမွန်ခြင်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်တတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်တတ်ခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်း၊ အဆင့်ဆင့်ကွပ်ကဲဆောင်ရွက်တတ်ခြင်း၊ မိမိ ကိုယ်ကိုယုံကြည်မှုရှိခြင်း၊ အချိန်ကိုစီမံခန့်ခွဲလုပ်ဆောင်နိုင်ခြင်း၊ အဖွဲ့အစည်းစိတ်ဓာတ် ရှင်သန်ထက်မြက်စေခြင်း စသည့် အလေ့အကျင့်ကောင်းများရရှိစေမည်ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်သည့်အချိန်တွင် အထောက်အကူဖြစ်အောင် လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ကြောင်း။
လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရန်နှင့် ပြည်သူမှ ယုံကြည်လေးစား အားထားရသည့် အရာရှိကောင်းများဖြစ်အောင် ကျင့်ကြံအားထုတ်သွားကြရန်လိုကြောင်း မှာကြားသည်။
အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၈)သို့ သင်တန်းသား ၁၁၁ ဦး၊ သင်တန်းသူ ၂၂၃ ဦး စုစုပေါင်း ၃၃၄ ဦးတို့တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၀ ရက်မှ ဩဂုတ် ၅ ရက်အထိ ရက်သတ္တ ၁၆ ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်