Skip to main content

ရေဘေးသင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၅

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရေဘေးသင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြင်ဦးလွင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း ဧရာဝတီခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ပြည့်စုံအောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိပြည်နယ်၊ မိမိဒေသတွင်ရှိသည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများကို ပညာတတ်လူတော်လူကောင်းများဖြစ်ရန် မိမိတို့ကိုယ်တိုင် စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် အားစိုက်ပြီး ပြုစုပျိုးထောင်သင်ကြားပေးကြစေလိုကြောင်း၊ ပညာတတ်များပေါများမှသာ နိုင်ငံအဆင့် တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏အရည်အသွေးတိုးတက်ရေးအတွက် အမြဲလေ့လာဆည်းပူးနေကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများကိုအလေးထားပြီး ကြိုးစားသင်ယူကြကာ ယဉ်ကျေးလိမ္မာသော ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြင်ဦးလွင်မြို့နယ် ပညာရေးမှူးဒေါ်စန်းစန်းနွဲ့က ပြင်ဦးလွင်မြို့ရေကြီးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးဦးဇော်ဝင်းနှင့် အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က ရေဘေးသင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ကြရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အခြေခံပညာအထက်တန်းကျောင်းခွဲ (အလက-၁)၊ အခြေခံပညာအထက်တန်းကျောင်း(ဆင်လမ်း)နှင့် အခြေခံပညာအလယ်တန်းကျောင်း(ပွေးတောင်)တို့သို့ သွားရောက်ခဲ့ပြီး ရေဘေးသင့်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်