နေပြည်တော် ဩဂုတ် ၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ခေတ်မီစံပြကျေးရွာလုပ်ငန်းများ၊ သမဝါယမလုပ်ငန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာ စီမံကိန်းဆောင်ရွက်နေသော မော်ဖောင်း(နယ်မြေ-၈) ကျေးရွာသို့ရောက်ရှိကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ခေတ်မီစံပြကျေးရွာစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကိုအခြေခံ၍ ခေတ်မီစံပြကျေးရွာများ ရွေးချယ်ကြောင်း၊ နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသော ခေတ်မီစံပြကျေးရွာ စီမံကိန်းများကို ဒေသခံပြည်သူများကလည်း မိမိတို့ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ကာ အစိုးရနှင့်ပြည်သူ တက်ညီလက်ညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြား၍ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်နေသော ခေတ်မီစံပြကျေးရွာစီမံကိန်းလုပ်ငန်းများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)နှင့် Cash For Work လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် မော်ဖောင်းကျေးရွာနှင့် ငါးအိုးကျေးရွာချင်းဆက်လမ်းပေါ်ရှိ မော်ဖောင်း-ငါးအိုး တံတားသစ်ဆောက်လုပ်ရေးစီမံကိန်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်းသို့ ရောက်ရှိပြီး ထုတ်လုပ်ထားသည့် စက္ကူနှင့်စာအုပ်များကို ကြည့်ရှုစစ်ဆေး သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသော ကျေးရွာ နှစ်ရွာ၊ အိမ်ခြေ ၁၁၇၀ နှင့် လူဦးရေ ၇၀၂၆ ဦးအတွက် အကျိုးပြုမည့် အရှည် ၂ ဒသမ ၀၁ ကီလိုမီတာ၊ အကျယ် ၁၆ ပေ၊ ခုနစ်လက်မဒုရှိမန်ခိန်-နောင်တောင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေးမှာကြားပြီး လုပ်ငန်းလိုအပ်ချက် များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်