နေပြည်တော် ဩဂုတ် ၅
ကျွဲ၊ နွား မွေးမြူထုတ်လုပ်မှုဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မွေးမြူသူလုပ်ငန်းရှင်များ၊ မွေးမြူရေးကုန်သည်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အစားအစာဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော အသားထုတ်လုပ်မှုဖွံ့ဖြိုးလာရေး၊ ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပတင်ပို့မှုတိုးတက်ရေးတို့အတွက် မွေးမြူထုတ်လုပ် ရောင်းချမှုဆိုင်ရာ မူဝါဒနှင့်အညီ ကျွဲ၊ နွား ကုန်သွယ်မှုအကြံပေးအဖွဲ့နှင့် မွေးမြူထုတ်လုပ်ရောင်းချမှုကြီးကြပ်ရေးအဖွဲ့တို့ကို ဖွဲ့စည်းထားရှိပြီး ကျွဲ၊ နွား မွေးမြူထုတ်လုပ်မှုဖွံ့ဖြိုးရေး ကြိုးပမ်းလျက်ရှိကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် မွေးမြူသူ၊ ကုန်သည်၊ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့် ဦးစီးဌာနအကြား ကျွဲ၊ နွား မွေးမြူထုတ်လုပ်ရောင်းချမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားနည်းချက်၊ အားသာချက်များကိုအခြေခံ၍ ဝယ်ရောင်းစနစ်မှ မွေးမြူထုတ်လုပ်ရောင်းချသည့်စနစ် ကျင့်သုံးနိုင်ရေးအတွက် ဆွေးနွေးဖော်ထုတ်သွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက နွားမွေးမြူထုတ်လုပ်မှု မြင့်မားလာစေရေး ဆောင်ရွက်ရန်လိုအပ်ချက်များ၊ အစုအဖွဲ့ဖြင့် မွေးမြူထုတ်လုပ်မှုစနစ် ပေါ်ထွန်းလာစေရေး စီမံဆောင်ရွက်ရန်ကိစ္စရပ်များကိုလည်းကောင်း၊ ကန်ထရိုက်စနစ်၊ ကိုယ်တိုင်မွေးစနစ်တို့ဖြင့် မွေးမြူထုတ်လုပ်သော လုပ်ငန်းရှင်များပေါ်ထွန်းလာစေရေးအတွက် သက်ဆိုင်ရာကဏ္ဍများ အလိုက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မွေးမြူထုတ်လုပ်ရောင်းချမှုဆိုင်ရာ တန်ဖိုးကွင်းဆက်တစ်လျှောက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုနိုင်ရေး နည်းလမ်းများကိုလည်းကောင်း ဆွေးနွေးကြသည်။
မြန်မာနိုင်ငံတွင် ကျွဲ၊ နွားမွေးမြူရေးကို လယ်ယာလုပ်ငန်းခွင်များ၌ အသုံးပြုရန် မိရိုးဖလာနည်းအရ တစ်ပိုင်တစ်နိုင် မွေးမြူခဲ့ကြပြီး ၂၀၁၉ ခုနှစ်စာရင်းအရ နိုင်ငံအတွင်း ကျွဲ၊ နွားကောင်ရေ ၁၀ သန်းကျော်ရှိပြီး ကျွဲကောင်ရေနှစ်သန်းခန့်၊ ဒေသနွားကောင်ရေ ကိုးသန်းခန့်၊ နို့စားနွားကောင်ရေ ငါးသောင်းကျော် နွားနောက်ကောင်ရေ ငါးသောင်းကျော် မွေးမြူထားရှိကြောင်း၊ ရေမြေသဘာဝနှင့်ကိုက်ညီသည့် နွားမျိုးများရှိခြင်း၊ မွေးမြူမှုနည်းစနစ်များနှင့် အကျွမ်းတဝင်ရှိပြီးဖြစ်ခြင်း၊ တိရစ္ဆာန်အစာအဖြစ်အသုံးပြုနိုင်သော စိုက်ပျိုးရေးထွက်ကုန်များရှိခြင်း၊ နိုင်ငံနှင့်အနီးဆုံးတွင် ကြီးမားသော ဈေးကွက်ကြီးများ ရှိနေခြင်းတို့ကြောင့် နွားမွေးမြူရေးမှ အကျိုးအမြတ်များစွာရရှိနိုင်သဖြင့် ကျွဲ၊ နွားအရှင် တင်ပို့ခြင်းသာမက ရေရှည်တွင် အေးခဲအသားနှင့် တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်တင်ပို့နိုင်ရေးကို မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်