နေပြည်တော် ဩဂုတ် ၅
အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲများကို ထိုင်းနိုင်ငံ အူဘွန်ရတ်ချဌာနီမြို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက Sunee Tower ၌ ကျင်းပသည့် ဝူရှူးအားကစားပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များတွင် မြန်မာဝူရှူးအားကစားအဖွဲ့မှ မအေးသစ္စာမြင့် က ငွေတံဆိပ်ဆုနှင့် မောင်ခန့်မင်းထက်က ကြေးတံဆိပ်ဆုများကို ထပ်မံဆွတ်ခူးရရှိသည်။
ယှဉ်ပြိုင်သွားမည်
ယနေ့ကျင်းပသည့် ဝူရှူးပြိုင်ပွဲတွင် ပွဲစဉ်လေးမျိုးကျင်းပခဲ့ပြီး ပွဲစဉ်(၂)ဖြစ်သည့် အမျိုးသမီး နန်းချွမ်(Nanquan)ပြိုင်ပွဲ၌ ဒဂုံတက္ကသိုလ်ကျောင်းသူ မအေးသစ္စာမြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ ရမှတ် ၉ ဒသမ ၅၂ ဖြင့် ဒုတိယ ငွေတံဆိပ်ဆုကိုရရှိကာ ပွဲစဉ်(၄)ဖြစ်သည့် အမျိုးသားထိုက်ချိချွမ် (Taijiquan)ပြိုင်ပွဲတွင် ကျောက်ဆည်တက္ကသိုလ်ကျောင်းသား မောင်ခန့်မင်းထက် ဝင်ရောက်ယှဉ်ပြိုင်ရာ ရမှတ် ၉ ဒသမ ၄၁ ဖြင့် တတိယ ကြေးတံဆိပ်ဆုကိုရရှိပြီး မြန်မာဝူရှူးအားကစားအဖွဲ့အနေဖြင့် ဝူရှူးအားကစားနည်းနှစ်မျိုးကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အကြိမ် (၂၀)မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအားကစားအဖွဲ့အနေဖြင့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြားပစ်နှင့် ဝူရှူးအားကစားနည်းလေးမျိုးတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ ယမန်နေ့က ဆွတ်ခူးရရှိသော ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ဘောလုံးအားကစားပြိုင်ပွဲမှ ကြေးတံဆိပ်တစ်ခုအပါအဝင် ယနေ့အထိ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်နှစ်ခုကို ရရှိပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်