Skip to main content

အာဆီယံ လူငယ်စကားရည်လုပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၅

အာဆီယံလူငယ်စကားရည်လုပွဲ ၂၀၂၂ (ASEAN Youth Debate 2022) ပထမပတ်လည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ Virtual Online စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်လူငယ်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

အဆိုပါပြိုင်ပွဲကို အာဆီယံဒေသတွင်း လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုရရှိစေရန် ရည်ရွယ်၍ ကမ္ဘောဒီးယားနိုင်ငံ ပညာရေး၊ လူငယ်နှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍ စိန်ခေါ်မှုများကို အတူရင်ဆိုင်ဖြေရှင်းကြစို့ (Addressing Challenges Together : ACT)ဆောင်ပုဒ်ဖြင့် ပထမအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ပထမပတ်လည် (First Elimination Round) ပွဲစဉ်တွင် ဖိလစ်ပိုင်နိုင်ငံအသင်းက “ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အားကောင်းအောင်ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများအတွက် အလုပ်လုပ်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်မည်” (This house believes that improving healthcare outcomes promotes higher labor productivity for women) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံအသင်းက “လုပ်ငန်းခွင်အတွင်း အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်းသည် ဝင်ငွေမညီမျှခြင်း၏ အဓိကကြောင်းရင်းတစ်ခုဖြစ်သည်” (This house believes that discrimination against women in work-place is major source of income in-equality) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံအသင်းက “အာဆီယံအနေဖြင့် ဘုံပညာရေးအရည်အသွေးဆိုင်ရာ စံနှုန်းသတ်မှတ်ချက်နှင့်ခိုင်မာမှုတို့ကို ရရှိနိုင်မည်” (This house believes that ASEAN can achieve a common educational quality standard and assurance) ခေါင်းစဉ်ဖြင့်လည်းကောင်း အဆိုတင်သွင်းခဲ့ကြမှုများအပေါ် မြန်မာနိုင်ငံမှ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ လူငယ်ကိုယ်စားလှယ် ၁၉ ဦးတို့သည် အသင်းသုံးသင်းဖြင့် သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ပြန်လည်ချေပပြောဆိုခဲ့ကြသည်။

ပထမပတ်လည်ပွဲစဉ်ကို ဩဂုတ် ၄ ရက်နှင့် ၅ ရက်တို့တွင် အာဆီယံရှစ်နိုင်ငံမှ ကိုယ်စားပြုအသင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ပြိုင်ပွဲများအပြီးတွင် ဒုတိယပတ်လည်ပွဲစဉ်သို့ ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိသည့် အသင်း ၁၀ သင်းကို ကြေညာခဲ့ရာ မြန်မာအဖွဲ့(၂)သည် အင်ဒိုနီးရှားနိုင်ငံသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အဆိုပါ စကားဝိုင်း၏ ဒုတိယပတ်လည်ပွဲစဉ်ကို ဩဂုတ် ၂၁ ရက်တွင်လည်းကောင်း၊ ကွာတားဖိုင်နယ်ပွဲစဉ်ကို စက်တင်ဘာ ၄ ရက်နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်ကို စက်တင်ဘာ ၁၈ ရက်တို့တွင်လည်းကောင်း Virtual Online စနစ်ဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဗိုလ်လုပွဲ ပွဲစဉ်ကို အောက်တိုဘာ ၁၂ ရက်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အောက်တိုဘာ ၁၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်