နေပြည်တော် ဩဂုတ် ၅
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးဆန်းမြင့်က ယနေ့သည် အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၉) သင်တန်းသား သင်တန်းသူများ၏ အောင်မြင်စွာသင်တန်းပြီးမြောက်သည့် ဂုဏ်ယူဖွယ်ရာနေ့ဖြစ်ပါကြောင်း၊ နိုင်ငံများတွင်ဖြစ်စေ၊ အဖွဲ့အစည်းအသီးသီးတွင်ဖြစ်စေ ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ခေါင်းဆောင်မှုကို ကောက်ရိုးမီးကဲ့သို့မလုပ်ဘဲ ကိုယ်တိုင်စံနမူနာ ပြနေထိုင်ကျင့်ကြံပြီး လုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲရမည့်အပြင် မိမိတို့စီမံအုပ်ချုပ်ရမည့် ဝန်ထမ်းများအပေါ် မှန်ကန်သော ခေါင်းဆောင်မှုပေးရန်နှင့် ယုံကြည်အားကိုးလာစေရန် ကြိုးစားကြစေလိုကြောင်း။
ပူးပေါင်းဆောင်ရွက်
ထို့ပြင် နိုင်ငံတော်တည်ဆောက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများက အရေးပါသောအခန်းကဏ္ဍက ပါဝင်လျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းအရည်အချင်းပြည့်ဝကျွမ်းကျင်မှု၊ လုံ့လဝီရိယနှင့် တာဝန်ကျေပွန်မှု၊ စိတ်ဓာတ်နှင့် စည်းကမ်းများကောင်းမွန်ပြီး ကျင့်ဝတ်စောင့်ထိန်းပါမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ကောင်းစွာ မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏စီမံအုပ်ချုပ်မှုယန္တရားအတွင်းမှာ ကိုယ်ကျရာကဏ္ဍကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နိုင်ရုံသာမက စေတနာကောင်းများဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်သည်။
ဆက်လက်၍ အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ်(၉)၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာဘွဲ့လက်မှတ်များ ချီးမြှင့်သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၂၅၁ ဦး၊ သင်တန်းသူ ၇၈ ဦး စုစုပေါင်း ၃၂၉ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဧပြီ ၂၀ ရက်မှ ဩဂုတ် ၅ ရက်အထိ ရက်သတ္တ ၁၆ ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အဖွဲ့ဝင် ဦးဆန်းမြင့်သည် တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းများ၏ စစ်ပညာလက်နက်မဲ့၊ လက်နက်ဖြင့် သင်ကြားပို့ချမှု အခြေအနေ၊ သင်ခန်းစာအပေါ် အဖွဲ့လိုက်တင်ပြဆွေးနွေးမှု၊ စာသင်ကြားပို့ချနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်