Skip to main content

ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း)သင်တန်းအမှတ်စဉ်-၄၁ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၅

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် ဒီပလိုမာစာရင်းကိုင်(Diploma In Accounting- DA)(ပထမပိုင်း) သင်တန်းအမှတ်စဉ်- ၄၁ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

နိုင်ငံ့အကျိုးသယ်ပိုးဆောင်ရွက်

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ဒီပလိုမာစာရင်းကိုင် သင်တန်းသည် စာရင်းစစ်နှင့် စာရင်းကိုင်ပညာရပ်လေ့လာသင်ယူသူများအတွက် အခြေခံကောင်းများရရှိပြီး စာရင်းပညာကျွမ်းကျင်သူများဖြစ်လာစေမည့် အရေးပါသော သင်တန်းတစ်ခုဖြစ်ကြောင်း၊ စာရင်းပညာသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည့် ပညာရပ်ဖြစ်ကြောင်း၊ သင်တန်းဆင်းများအနေဖြင့် အစိုးရဌာနအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၌ စာရင်းပညာဖြင့် လုပ်ငန်းများဆောင်ရွက် ကြရာတွင် ပညာရပ်ဆိုင်ရာ အရည်အချင်းများပြည့်ဝစွာဖြင့် နိုင်ငံတကာစာရင်းစံများနှင့်အညီ ဆောင်ရွက်နိုင်ရန် လိုအပ်သကဲ့သို့ ကျင့်ဝတ်သိက္ခာများနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ သင်တန်းဆင်းများအနေဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍတွင် ဝီရိယ၊ သိက္ခာ၊ ဉာဏ၊ သမာဓိရှိစွာဖြင့် ဌာနအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်သည့် နိုင်ငံသားကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို စာသင်ခန်းတက်ရောက် (Face To Face) ဖြင့် ၁၀ လကြာ ဖွင့်လှစ်သင် ကြားခဲ့ပြီး ဝန်ကြီးဌာန/အဖွဲ့အစည်း ၁၃ ခု၏ ဦးစီးဌာန/လုပ်ငန်း ၁၇ ခုတို့မှ သင်တန်းသား ၃၈ ဦး တက်ရောက်ပြီးမြောက်ခဲ့ကြောင်းနှင့် လာမည့်စက်တင်ဘာလတွင် အရည်အချင်းစစ်စာမေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဆင်းအမှာစကားပြောကြား

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကျင်းပသည့် အလယ်အလတ်အဆင့် (Grade-2)နှင့် အဆင့်မြင့်(Grade-3) စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်-၁၀၀ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ယင်းသင်တန်းကို စာသင်ခန်းတက်ရောက်(Face To Face)ဖြင့် သုံးလကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ အလယ်အလတ်အဆင့် (Grade-2) သင်တန်းတွင် သင်တန်းသား ၁၃၆ ဦး၊ အဆင့်မြင့် (Grade-3) သင်တန်းတွင် သင်တန်းသား ၆၈ ဦး စုစုပေါင်း သင်တန်းသား၂၀၄ ဦး တက်ရောက်ပြီးမြောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်