Skip to main content

ပြည်ထောင်စုဝန်ကြီးဦးကိုကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဂီတ၊ သဘင်၊ ပန်းချီ အနုသုခုမပညာရပ်များကို လက်ဆင့်ကမ်းမျှဝေခြင်းဆောင်ရွက်မည့် “ယဉ်ကျေးလိမ္မာ မြန်မာ့အနုပညာ” ဖွင့်ပွဲအခမ်းအနားတက်ရောက်

မန္တလေး ဩဂုတ် ၅

ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရမည့်တာဝန်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်နှင့်အညီ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)က မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ဂီတ၊ သဘင်၊ ပန်းချီစသည့် အနုသုခုမ ပညာရပ်များကို လက်ဆင့်ကမ်းမျှဝေခြင်း ဆောင်ရွက်မည့် “ယဉ်ကျေးလိမ္မာ မြန်မာ့အနုပညာ” အစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက “ယဉ်ကျေးလိမ္မာ မြန်မာ့အနုပညာ” အစီအစဉ်သည် ပညာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းမှုဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး)က မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဂီတ၊ သဘင်၊ ပန်းချီစသည့် အနုသုခုမပညာရပ်များကို လက်ဆင့်ကမ်းမျှဝေပေးသည့် အစီအစဉ်ဖြစ်ပါကြောင်း။

အနာဂတ်မျိုးဆက်သစ် လူငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ၏ ရိုးရာယဉ်ကျေးမှုအပေါ် မြတ်နိုးတန်ဖိုးထားလိုစိတ်၊ အမျိုးကို ချစ်သည့်စိတ်လည်း အရေးကြီးပါကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် စကားနှင့်အညီ ယနေ့ခေတ် လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်ကောင်းများ ဖြစ်သည့်အတွက် ပညာရေး အဆင့်မြင့်မားမှုနှင့်အတူ အမျိုးသားရေး စရိုက်လက္ခဏာများ မကွယ်ပျောက်စေဘဲ ယဉ်ကျေးမှု အားကောင်းလာစေရေးကို ရည်မှန်းပြီး “ယဉ်ကျေးလိမ္မာ မြန်မာ့အနုပညာ” အစီအစဉ်ကို ဖော်ထုတ်ရခြင်းပင် ဖြစ်ကြောင်း။

လက်ဆင့်ကမ်း မျှဝေပေးမည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)က ဆရာ၊ ဆရာမများနှင့် အမွေဆက်ခံယူကြမည့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရရှိလာသည့်အခွင့်အလမ်းကို အကျိုးရှိရှိ အသုံးချသွားကြရန် မှာကြားသည်။

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းတို့က ကြိုဆို နှုတ်ခွန်းဆက်စကားများ ပြောကြားကြပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ပါမောက္ခချုပ်ဦးအောင်ဆန်းဦးက “ယဉ်ကျေးလိမ္မာ မြန်မာ့အနုပညာ” အစီအစဉ် ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ဂီတပညာဌာန၊ သဘင်ပညာဌာနနှင့် ပန်းချီပညာဌာနတို့ ပူးပေါင်းစီစဉ်တင်ဆက်သည့် “တက္ကသီလံရွှေစာရံ” တေးသီချင်းအက အလှဖြင့်လည်းကောင်း၊ အနုပညာဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ ထုတ်လုပ်ဌာနစု မှ“ အ - အက္ခရာ အောင်ပါစေ” ယိမ်းအကဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)က “ယဉ်ကျေးလိမ္မာ မြန်မာ့အနုပညာ” အစီအစဉ်တွင် ဂီတပညာအကြောင်း မိတ်ဆက်ခြင်း၊ ဆန်းနွေဦး မဟာဂီတ တေးသီချင်းကို စောင်း၊ ပတ္တလား၊ တယော၊ ကီးဘုတ်၊ ဒိုးအုပ်စုံ၊ အဆိုတို့ဖြင့် သရုပ်ဖော်ခြင်း၊ ဂီတသင်္ကေတ လက်တွေ့စုပေါင်း ရွတ်ဆိုခြင်းကို အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်း ရွတ်ဆိုခြင်းများကို သင်ကြားပေးခြင်း၊ သဘင်အကနှင့် အကဗေဒအကြောင်းကို မိတ်ဆက်ခြင်း၊ မြင်း၊ မျောက်၊ ဘီလူး၊ ဇော်ရုပ်သေးအကတို့ကို လက်တွေ့သရုပ်ပြ၍ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆောင်ရွက်စေခြင်း၊ ဂီတဌာနနှင့်တွဲဖက်၍ ဆန်းနွေဦး နန်းတွင်းယိမ်းအကဖြင့် တင်ဆက်ခြင်း၊ အခြေခံပုံရေးဆွဲနည်း၊ အရောင်သီအိုရီနှင့် ကာတွန်းအလွယ် ရေးဆွဲနည်းများကို သင်ကြားပေးသွားမည် ဖြစ်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ လိုက်ပါလျက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ အနုပညာ အထက်တန်းကျောင်း (မန္တလေး)သို့ သွားရောက်ကာ ပန်တျာဌာန၏ သင်ကြား လေ့ကျင့်နေမှုများကို ကြည့်ရှု အားပေးကာ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဓ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသအား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ပြီး လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နဝကမ္မငွေကျပ် သိန်း(၃၀)ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ကြီး၏ ကျန်းမာရေးနှင့် သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားများနာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)