ရေကြောင်းသွားလာမှုမှာ ဆိပ်ကမ်းဝင်ရဖို့အတွက် အချိန်ပိုကြာနေပြီး ဆိပ်ကမ်းမှာချသွားတဲ့ ကွန်တိန်နာတွေကို သင်္ဘောပြောင်းတင်ပေးဖို့မှာလည်း ကြန့်ကြာမှုတွေရှိနေတာကြောင့် ကွန်တိန်နာတစ်လုံးသုံးစွဲထားချိန်က ပုံမှန်ထက်ပိုကြာနေတာကြောင့် သုံးစွဲထားတဲ့ ကွန်တိန်နာ အရေအတွက်ဆတိုးဖြင့် ပိုများလာနေပါတယ်။
ကွန်တိန်နာအခွံ ရောင်းဝယ်ရေးလုပ်ငန်း SeaCube Containers ရဲ့ ဒါရိုက်တာ Danny den Boer ရဲ့ အဆိုအရ ကွန်တိန်နာသုံးစွဲမှုပမာဏက ပြီးခဲ့တဲ့နှစ်မှာ teu (The twenty-foot equivalent unit is an inexact unit of cargo capacity) ၅၁ ဒသမ ၄ သန်း ရှိခဲ့ပါတယ်။ တစ်နှစ်တာအတွင်း ၁၅ ရာခိုင်နှုန်း ပိုများလာခဲ့ပါတယ်။ ကိုဗစ်အကြိုကာလမှာ နှစ်စဉ်ပိုများ လာတဲ့နှုန်းထားက ပျမ်းမျှအားဖြင့် ၅ ရာခိုင်နှုန်းမျှသာရှိခဲ့ပါတယ်။
ကမ္ဘာတစ်လွှား ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များတွင် ပြင်းထန်စွာထိခိုက်ခဲ့ခြင်းများကြောင့် ဖြစ်ပေါ်ရတဲ့ထူးခြားချက်လို့ ၎င်းကမှတ်ချက်ပြုပါတယ်။ “ဒါပေမဲ့ လူတွေက ဝန်ဆောင်မှုတွေအတွက် သုံးစွဲကြတာအစား ပစ္စည်းတွေဝယ်ဖို့ သုံးစွဲတဲ့ဆီ ရွှေ့ပြောင်းသွားတာကြောင့်လည်း ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ပစ္စည်းအသစ်အရေအတွက် စံချိန်တင်ရောက်ရှိလာနေတယ်” လို့ Mr den Boer က Container xChange က ကြီးမှူးတဲ့ webinar မှာ ပြောကြားပါတယ်။
ဈေးကွက်ထဲ ပစ္စည်းအသစ်များများရောက်လာဖို့ ကွန်တိန်နာအရေအတွက် ပိုများများသုံးစွဲကြရပါတယ်။ သူက ဆက်လက်ရှင်းပြရာမှာ ပြန်ရောင်းဈေးကွက်ထဲသို့ ပြီးခဲ့တဲ့နှစ်မှာ ကွန်တိန်နာ အခွံ teu ၄၀၀,၀၀ မျှသာ ရောက်လာတယ်။ ကိုဗစ်အကြိုကာလ ၂၀၁၉ မှာ ကွန်တိန်နာအခွံ teu ၁ ဒသမ ၆ သန်း ရောက်ရှိပါတယ်။ ယခုအခါမှာ သင်္ဘောလိုင်းတွေက ကွန်တိန်နာအခွံ ပြန်မရောင်းကြတော့ဘူးလို့ သူကပြောပါတယ်။ “ယေဘုယျအားဖြင့် တစ်ပတ်ရစ် အရန်ဈေးကွက်က အမြဲတစေလိုအပ်ချက်အတိုင်း စည်းချက်ညီတယ်။ ဒါပေမဲ့ ၂၀၂၀ နှင့် ၂၀၂၁ မှာတော့ လိုအပ်ချက်က ရနိုင်တာထက် အများကြီးကျော်လွန်နေတယ်။ ဒီတော့ ကွန်တိန်နာဈေးနှုန်း သတ်မှတ်ကြတာ မြင့်တက်ကုန်တယ်” လို့ သူကပြောပါတယ်။
ကွန်တိန်နာဈေးနှုန်းများ မာနေခဲ့ရာမှ ယူကရိန်းစစ်ပွဲနှင့် တရုတ်ပြည်လော့ဒေါင်းတို့ကြောင့် ပျော့သွားပေမဲ့ ၂၀၁၉ ရေချိန်အထိတော့ ပြန်မဆင်းဘူးလို့ သူကပြောပါတယ်။
Container xChange အချက်အလက်များအရ ဧပြီလမှာ ပေ ၂၀ ကွန်တိန်နာ ဈေးနှုန်းများကျဆင်းခဲ့ရာ ဂျာမနီ ဒူးစ်ဘတ်မှာ ၁၆.၈% ကျတာ $1,933 ဖြစ်သွားတယ်။ ယူအေအီး ဒူဘိုင်းမှာ ၁၄.၄% ကျတာ $2,182 ဖြစ်သွားတယ်။
မေလ ၁၆-၂၀ မှာ ---ပေ၂၀ ကွန်တိန်နာ ဈေးအမြင့်ဆုံးဖြစ်ခဲ့တာတွေက လော့စ်အိန်ဂျယ်လိစ် ($2,523)၊ မွန် ($2,413)၊ မီလန် ($2,348)တို့ဖြစ်ပါတယ်။ ပေ၄၀ ကွန်တိန်နာ ဈေးအမြင့်ဆုံး ဖြစ်ခဲ့တာတွေက ဟိုချီမင်း ($4,443)၊ ရှန်ဟိုင်း ($4,400)၊ မွန်ဒြာ ($4,369) တို့ဖြစ်ပါတယ်။ “ဈေးကွက်က အလွန်အမင်း မတည်ငြိမ်ဘူး။ လိုအပ်ချက်အားပျော့ရင် ကွန်တိန်နာ အသစ်ရော အဟောင်းရော ဈေးနှုန်းများ ကျဆင်းကုန်တယ်။ အဲဒီအခါ တစ်ပတ်ရစ် အရန်ကွန်တိန်နာ အာရှဈေးကွက်ထဲ ကွန်တိန်နာတွေ ရောက်လာတယ်” လို့ Mr den Boer က ပြောကြားပါတယ်။
ကွန်တိန်နာ teu ၇၆၀,၀၀၀ ဖြင့် ကွန်တိန်နာ အငှားလုပ်ငန်းလုပ်ကိုင်နေတဲ့ SeaCube မှာ အအေးပေး ကွန်တိန်နာ ၆၄% ပါဝင်ပါတယ်။ အအေးပေးကွန်တိန်နာက အလားအလာ အမြင့်မားဆုံးလို့ သူကပြောပါတယ်။ “လူတွေက တီဗီအသစ်မဝယ်ဘဲ နေလို့ရတယ်။ စားစရာ မဝယ်လို့မရတော့ စားသောက်ကုန် ကုန်စိုတွေသယ်ဖို့ အအေးပေးကွန်တိန်နာက လိုအပ်နေတယ်” လို့ သူကရှင်းပြပါတယ်။
ကုန်ခြောက်ကွန်တိန်နာတွေက လိုအပ်ချက်ထက် ပိုလျှံနေမယ့်အရေး ရှိနေတယ်လို့ Sea-Intelligence က တွက်ဆထားပါတယ်။ ပစ္စည်းပေးသွင်းကွင်းဆက် ပုံမှန်ပြန်ဖြစ်သွားရင် ကွန်တိန်နာသုံးစွဲတဲ့ ကြာချိန်တွေလျော့ကျပြီး၊ ကွန်တိန်နာအခွံတွေ ပိုမိုရရှိလာမယ်လို့ ဆိုပါ တယ်။
ဆိပ်ကမ်းမှာ ကြန့်ကြာတာတွေမရှိတော့ရင် ဥပမာ Hapag-Lloyd ကွန်တိန်နာလိုင်းမှာ ၁၇ ရာခိုင်နှုန်း ကွန်တိန်နာ အပိုထွက်လာလိမ့်မယ်။ Sea-Intelligence စီအီးအို Alan Murphy က “၂၀၂၁ မှာ ကမ္ဘာတစ်လွှား ကွန်တိန်နာတွေ teu သန်း ၅၀ အထိ ရှိလာတယ်။ တကယ်လို့ ၁၇ ရာခိုင်နှုန်းပိုနေတယ်ဆိုရင် teu ၈.၅ သန်း ပိုနေမယ်။ ၂၀၂၂ မှာ teu ၄.၅- ၄.၈ သန်း ထပ်တိုးမယ် ဆိုတော့ ၂၀၂၃ မှာ teu ၁၃ သန်း ပိုနေလိမ့်မယ်” လို့ ပြောကြားပါတယ်။
myantrade