ရန်ကုန် ဩဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်တွင် စက်ရုံလုပ်သားများ အေးချမ်းစွာ လုပ်ငန်းခွင်ဝင်ရောက်ကြလျက်ရှိရာ အထည်ချုပ်စက်ရုံအများဆုံးတည်ရှိရာ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၌ စက်ရုံအလုပ်သမားများလည်း အေးချမ်းစွာ လုပ်ငန်းခွင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များနှင့် အခြားသောမြို့နယ်တို့ရှိ စက်မှုဇုန်အအချို့တွင် စစ်ကိုင်းတိုင်းဒေသကြီးမှတ်ပုံတင်ကိုင်ဆောင်ထားသော စက်ရုံလုပ်သားများကို အလုပ်မှထုတ်ပစ်ခြင်းနှင့် တစ်လအနားပေးခြင်း ကောလာဟလများ လူမှု စာမျက်နှာနှင့် အလုပ်သမားအချို့ ပြောကြားမှုထွက်ပေါ်ခဲ့ရာ ပြည်တွင်းစက်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်မှုဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေချောမွေ့မှုကိုမလိုလားသူ အချို့လှုံ့ဆော်မှုကြောင့် စက်မှုဇုန်များရှိ အလုပ်သမားများ စိုးရိမ်ပူပန်မှုရှိခဲ့ခြင်းဖြစ်သည်။
“လူမှုစာမျက်နှာလိုင်းပေါ်မှာတော့ တွေ့လိုက်မိတယ်။ အပြင်မှာတကယ်တော့မရှိပါဘူး။ ယနေ့အထိလည်း တကယ်မြေပြင်မှာမကြားမိသေးဘူး။ ကျွန်တော်တို့ စက်မှုဇုန်ကော်မတီကို တင်ပြတာလည်းမရှိဘူး။ အားလုံးအေးချမ်းပါတယ်။ လျှပ်စစ်မီး တစ်နေ့ ၈ နာရီပဲရလို့ အလတ်စားနဲ့ အသေးစားစက်ရုံ ၂၀ ကျော် တောင့်မခံနိုင်လို့ ရပ်နားတာပဲရှိတယ်။ အကြီးစားလုပ်ငန်းနဲ့ အထည်ချုပ်စက်ရုံကြီးတွေ ကောင်းမွန်စွာလည်ပတ်ပြီး အလုပ်သမားတွေလည်း ပုံမှန်ဆင်းနေပါတယ်” ဟု ရွှေပြည်သာနှင့် ဝါးတစ်ရာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမျိုးသိန်းက ပြောသည်။
ရွှေပြည်သာစက်မှုဇုန်(၁)၌ စက်ရုံပေါင်း ၂၀၀ ခန့်တွင် လုပ်သား ၅၀၀၀၀ ခန့်၊ ဝါးတစ်ရာ စက်မှုဇုန်၌ စက်ရုံ ၇၀ ခန့်တွင် အလုပ်သမား၂၀၀၀၀ ခန့်ဖြင့် လည်ပတ်လျက်ရှိသည်။
“ကျွန်တော်တို့ လှိုင်သာယာရွှေလင်ပန်းစက်မှုဇုန်မှာ စက်ရုံနဲ့ လုပ်သားတွေ အေးအေးချမ်းချမ်းပါပဲ။ မှတ်ပုံတင်ကိစ္စနဲ့ပတ်သက်ပြီး စက်ရုံပိတ်တာ၊ အလုပ်သမားထုတ်ပယ်တာမကြားမိပါဘူး။ အထည်ချုပ်လုပ်သားများတဲ့အတွက် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန်နားလည်မှုနဲ့ လုပ်ငန်းခွင်လည်ပတ်နေကြပါတယ်။ အလုပ်သမားတွေ ပုံမှန်အလုပ်ဝင်ရောက်နေတာဖြစ်တဲ့အတွက် ကောလာဟလသတင်းလွှင့်တယ်လို့ မြင်မိပါတယ်” ဟု ရွှေလင်ပန်းစက်မှုဇုန် ကော်မတီရုံးမှရုံးအဖွဲ့မှူး ဦးအောင်ငွေက ပြောသည်။
ရွှေလင်ပန်းစက်မှုဇုန်တွင် စက်ရုံပေါင်း ၄၂၀ ခန့် လည်ပတ်လျက်ရှိပြီး ထိုစက်ရုံများ၌ အထည်ချုပ်စက်ရုံ ၅၉ ရုံပါဝင်၍ အလုပ်သမား ၈၀၀၀၀ ခန့် လုပ်ငန်းခွင်ဝင်ရောက်လျက်ရှိကာ ၂၀၂၂ ခုနှစ်တွင် ဩဂုတ်လအထိ အထည်ချုပ်စက်ရုံအသစ် ၁၅ ရုံ တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်ပေါင်း ၂၉ ဇုန်ရှိပြီး လှိုင်သာယာမြို့နယ်၌ ဇုန် ၁ မှ ၇ အထိ စက်မှုဇုန်များအပြင် ရွှေလင်ပန်းစက်မှုဇုန်၊ ရွှေသံလွင်စက်မှုဇုန်၊ အနော်ရထာစက်မှုဇုန်၊ မြစိမ်းရောင်စက်မှုဇုန်နှင့် မွေးမြူရေးဇုန်တို့ရှိသည်။ ထိုဇုန်များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၌ စက်ရုံလုပ်သားများ အေးချမ်းစွာ လုပ်ငန်းခွင်ဝင်ရောက်လျက်ရှိကာ စက်ရုံများ လည်ပတ်လျက်ရှိကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)