ရန်ကုန် ဩဂုတ် ၄
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ယနေ့ယှဉ်ပြိုင်မှုတွင် ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်ခြောက်ခု၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ အလေးမအားကစားနည်းမှ ငွေနှစ်ခုနှင့် မြားပစ်အားကစားနည်းမှ ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။
မြန်မာအားကစားအဖွဲ့သည် MANAHAN ကွင်း၌ ကျင်းပသည့် ပြေးခုန်ပစ်ပြိုင်ပွဲ၊ JATIDIRI ရေကူးကန်၌ကျင်းပသည့် ရေကူးပြိုင်ပွဲ၊ Solo Paragon Hotel ၌ ကျင်းပသည့် အလေးမပြိုင်ပွဲနှင့် Kota Barat ကွင်း၌ကျင်းပသည့် မြားပစ်အားကစားပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားမီတာ၂၀၀ အပြေးပြိုင်ပွဲတွင် စိုးပေက ရွှေတစ်ခု၊ ကျော်ကျော်ဝင်းက ကြေးတစ်ခု၊ အမျိုးသားမီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် သက်ထူးအောင်က ကြေးတစ်ခု၊ ဇော်မင်းလွင်က အမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင် ရွှေတစ်ခု၊ အမျိုးသား သံပြားပစ်ပြိုင်ပွဲတွင် ငွေတစ်ခု၊ အောင်ဖုန်းမြတ်က အမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင် ရွှေတစ်ခု၊ အမျိုးသားမီတာ ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲတွင် ငွေတစ်ခု၊ နန္ဒလင်းက အမျိုးသမီးမီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ငွေတစ်ခု၊ မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ကြေးတစ်ခု၊ လော်လာဝင်းက အမျိုးသမီးအလျားခုန်ပြိုင်ပွဲတွင် ငွေတစ်ခု၊ ထက်ထက်အေးက အမျိုးသမီးလှံတံပစ်ပြိုင်ပွဲတွင် ကြေးတစ်ခု၊ စိုးသန်းက အမျိုးသားအမြင့် ခုန်ပြိုင်ပွဲတွင်ကြေးတစ်ခု၊ အောင်ထွန်းလင်းက အမျိုးသားသံပြားပစ်ပြိုင်ပွဲတွင် ကြေးတစ်ခု၊ နန္ဒစိုးမင်းက အမျိုးသားမီတာ ၁၀၀ ပက်လက်ကူးပြိုင်ပွဲတွင် ရွှေတစ်ခု၊ အောင်မြင့်မြတ်က အမျိုးသားမီတာ ၅၀ အလွတ်ကူးပြိုင်ပွဲတွင် ကြေးတစ်ခု၊ ငြိမ်းစန္ဒာအောင်က အမျိုးသမီးအလေးမပြိုင်ပွဲတွင် ငွေနှစ်ခု၊ စိန်ဖော့က အမျိုးသမီးတစ်ဦးချင်း မြားပစ်ပြိုင်ပွဲတွင် ကြေးတစ်ခု ဆွတ်ခူးရရှိခဲ့ပြီး မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်လှမိုးက အမျိုးသားမီတာ ၁၀၀ ပက်လက်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် နန္ဒစိုးမင်းကိုလည်းကောင်း၊ မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(ပြည်ပရေးရာ) ဗိုလ်မှူးချုပ် တင်မောင်လှိုင်(ငြိမ်း)နှင့် ဆေးမှူးချုပ် ဗိုလ်မှူးကြီးကျော်စိုး(ငြိမ်း)တို့က အမျိုးသားမီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ကြေးရရှိခဲ့သည့် အားကစားသမားများအား ဆုချီးမြှင့်ပေးအပ်သည်။
(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစား အဖွဲ့ချုပ်အနေဖြင့် ပြေးခုန်ပစ်၊ မြားပစ်၊ ဂိုးလ်ဘော၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက်ဘော်လီဘောနှင့် အလေးမအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ယနေ့အထိ မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ်အနေဖြင့် ရွှေတံဆိပ် ၁၃ ခု၊ ငွေတံဆိပ်ကိုးခု၊ ကြေးတံဆိပ် ၁၃ ခု စုစုပေါင်း ၃၅ ခု ရရှိလျက်ရှိကြောင်း သိရသည်။
အာကာစိုး