နေပြည်တော် ဩဂုတ် ၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တွေ့ဆုံကာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ခေတ်မီစံပြကျေးရွာ(SMART Village)များအခြေအနေ၊ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်နှင့် နေပြည်တော် စမ်းဝတီသမဝါယမအသင်း တို့၏ သဘာဝမြေဩဇာများ ထုတ်လုပ်နေမှုအခြေ အနေတို့ကို ရှင်းလင်းဆွေးနွေးပြီး မြစ်ကြီးနားဒေသ၌ ဆောင်းသီးနှံနှင့် နွေသီးနှံစံပြစိုက်ခင်းများ စိုက်ပျိုး နိုင်ရေး တင်ပြဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ရက်ကန်းသင်တန်းကျောင်း၌ သင်တန်းသားများ လက်တွေ့သင်ယူနေသော လက်ရက်ကန်း၊ စက်ရက်ကန်းလုပ်ငန်းများကို ကြည့်ရှုအားပေးပြီး သင်တန်းသား သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ကာ သင်တန်းသား အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ပူးပေါင်းဆောင်ရွက်
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့်အညီ လိုက်နာနေထိုင်ရေး၊ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်