Skip to main content

နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်လုပ်ကြံရေးသမားများအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၄

CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထုအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်အတွက် အစိုးရနှင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အများပြည်သူပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်းအား မလိုလားသောပြည်သူများ၏ သတင်းပေး ပူးပေါင်းဆောင်ရွက်မှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက် ညပိုင်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ မင်္ဂလာဒုံမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်လုပ်ကြံရေးသမားများဖြစ်သော ဇေယျာဝင်း(၂၀)နှစ်၊ နိုင်အောင်ထွန်း(ခ)ဒဿ(၁၉)နှစ်၊ ရဲဇော်လင်း(ခ) စကိတ်(၂၂)နှစ်၊ တင်ကိုကို(၅၆)နှစ်၊ အောင်ကိုကို(၂၅)နှစ်နှင့် တရားခံများအား ထွက်ပြေးတိမ်းရှောင်နိုင်ရန်ကူညီပေးခဲ့သည့် ခင်မြ(ခ)ခင်ဌေး(၅၅)နှစ်၊ တင်တင်မော် (၄၅)နှစ်၊ သင်းရနံ့လှိုင်(ခ)ဖြူဖွေး(၁၆)နှစ်တို့ ၈ ဦးအား မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာအုပ်စု၊ (၁)ရပ်ကွက်၊ နှင်းဆီလမ်း၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားခံ နိုင်အောင်ထွန်း(ခ)ဒဿ၊ ရဲဇော်လင်း(ခ)စကိတ် အောင်ကိုကိုနှင့် ဖမ်းဆီးရန်ကျန်တရားခံ စိုးမင်းစံ၊ ချစ်ဖြိုးဝေ(ခ)ဆံရှည်တို့ ၅ ဦးသည် မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်ကျေးရွာနေ NLD ရပ်/ကျေးဥက္ကဋ္ဌ တရားခံပြေး အုန်းဇော်မြင့်၏ချိတ်ဆက်ပေးမှုဖြင့် KNLA တပ်မဟာ(၆)နယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း ၁ လ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

အကြမ်းဖက်သင်တန်းဆင်းပြီးနောက် နိုင်အောင်ထွန်း(ခ)ဒဿ၊ ရဲဇော်လင်း(ခ) စကိတ်၊ အောင်ကိုကို၊ စိုးမင်းစံ၊ ချစ်ဖြိုးဝေ(ခ)ဆံရှည် တို့သည် NLD ရပ်/ကျေးဥက္ကဋ္ဌ တရားခံပြေး အုန်းဇော်မြင့်နှင့် တင်ကိုကိုတို့၏ စီစဉ်ပေးမှုဖြင့် မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာအုပ်စု၊ (၁)ရပ်ကွက်၊ နှင်းဆီလမ်းရှိနေအိမ် ၁ လုံးအား ငှားရမ်းနေထိုင်ကာ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ အုပ်ချုပ်ရေးယန္တရား၏ အဓိကဒေါက်တိုင်ဖြစ်သော ရပ်/ကျေးအဆင့်အုပ်ချုပ်ရေးမှူးများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက် ညနေပိုင်းတွင် NLD ရပ်/ကျေးဥက္ကဋ္ဌ တရားခံပြေး အုန်းဇော်မြင့် ခေါင်းဆောင်၍ ဇေယျာဝင်း၊ နိုင်အောင်ထွန်း(ခ)ဒဿ၊ အောင်ကိုကိုနှင့် ဖမ်းဆီးရန်ကျန် တရားခံ စိုးမင်းစံ၊ ချစ်ဖြိုးဝေ(ခ)ဆံရှည်တို့ ၆ ဦးသည် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်းနှင့်ဇနီးဖြစ်သူ ဒေါ်ဟေမာလွင်တို့အား ကလေးများကျောင်းပို့ချိန်တွင် လုပ်ကြံသတ်ဖြတ်ရန် Signal မှတစ်ဆင့် တွေ့ဆုံ၍ လုပ်ကြံရေး အစီအစဉ်များရေးဆွဲခဲ့ပြီး အောက်ပါအတိုင်း တာဝန်ခွဲဝေခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

  • နိုင်အောင်ထွန်း(ခ)ဒဿမှ အုပ်ချုပ်ရေးမှူး၏ဇနီးအား ပစ္စတိုဖြင့် ပစ်ခတ်သတ်ဖြတ်ရန်။
  • စိုးမင်းစံမှ အုပ်ချုပ်ရေးမှူးအား ပစ္စတိုဖြင့် ပစ်ခတ်သတ်ဖြတ်ရန်။
  • ဇေယျာဝင်းမှ အုပ်ချုပ်ရေးမှူး၏ မော်တော်ယာဉ်အား ရပ်တန့်ရန်အတွက် လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲရန်နှင့် လုပ်ကြံသတ်ဖြတ်ပြီးပါက မော်တော်ယာဉ်အား Remote လက်လုပ်မိုင်းဖြင့် ဖောက်ခွဲရန်။
  • ချစ်ဖြိုးဝေ(ခ)ဆံရှည်မှ ဖုန်းဖြင့်မှတ်တမ်းတင်ရိုက်ကူးရန်။
  • အောင်ကိုကိုမှ အုပ်ချုပ်ရေးမှူး၏ နေအိမ်အား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲရန်။

 ဩဂုတ်လ ၂ ရက် ၀၈၀၀ နာရီခန့်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီးတို့သည် ကလေးငယ် ၂ ဦးအား ကျောင်းပို့ရန် မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် အုပ်ချုပ်ရေးမှူး၏ နေအိမ်အနီး ကွမ်းယာဆိုင်ရှေ့၌ ဇေယျာဝင်းမှ မော်တော်ယာဉ်ရှေ့သို့ လက်လုပ်မိုင်း ၁ လုံး ပစ်ခတ်ဖောက်ခွဲ၍ ရပ်တန့်စေခဲ့ပြီး နိုင်အောင်ထွန်း(ခ) ဒဿမှ ဒေါ်ဟေမာလွင် အားလည်းကောင်း၊ စိုးမင်းစံမှ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်းအားလည်းကောင်း ပစ္စတိုဖြင့် ၅ ချက်စီ မသေမချင်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထို့နောက် ဇေယျာဝင်းသည် ကားနောက်ခန်းတွင် လိုက်ပါလာသည့် ကလေးငယ် ၂ ဦးအား အသက်ရှင်လျက်တွေ့ရှိရသောကြောင့် ရက်စက်ယုတ်မာသောအကြံအစည်ဖြင့် Remote လက်လုပ်မိုင်း ၁ လုံးအား ကားအတွင်း၌ထား၍ ဖောက်ခွဲရန်စီစဉ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ ထိုကဲ့သို့ ဖောက်ခွဲရန်စီစဉ်ခဲ့သော်လည်း ဖြစ်စဉ်ဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကားအတွင်းမှ Remote လက်လုပ်မိုင်းအား သက်မဲ့ပြုလုပ်နိုင်ခဲ့သဖြင့် ကလေးငယ် ၂ ဦးအား အချိန်မီကယ်တင် နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အောင်ကိုကိုမှ အုပ်ချုပ်ရေးမှူး၏ နေအိမ်အား လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး အဆိုပါလုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်အား ချစ်ဖြိုးဝေ(ခ)ဆံရှည်မှ ဖုန်းဖြင့် မှတ်တမ်းတင်ရိုက်ကူးခဲ့ကာ ၎င်းတို့ငှားရမ်းနေထိုင်သည့် နေအိမ်သို့ထွက်ပြေး တိမ်းရှောင်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ NLD ရပ်/ကျေးဥက္ကဋ္ဌ တရားခံပြေး အုန်းဇော်မြင့်၏ စေခိုင်းမှုဖြင့် မင်္ဂလာဒုံမြို့နယ်အတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှု (၂)ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

  • ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စု၊ မြရတနာရပ်ကွက်၊ နှင်းဆီပတ်လမ်း၌ အုပ်ချုပ်ရေးမှူး ဦးနေလင်းနှင့် ရာအိမ်မှူး ဦးရဲသွင်တို့ ၂ ဦးအား ဇေယျာဝင်းနှင့် ဖမ်းဆီးရန်ကျန် တရားခံ အာကာဝင်း၊ မင်းမင်းဇော်ကိုတူး(ခ)သားကြီးတို့မှ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာ ဦးနေလင်း သေဆုံးခဲ့ပြီး ဦးရဲသွင်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း။
  • ဇွန်လ ၈ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ ဂူကြီးကုန်းကျေးရွာရှိ ရွာလယ်လမ်းမပေါ်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် ကောင်းမြင့်ဝင်း(ခ)ကိုနီအား ဒလန်ဟုစွပ်စွဲကာ ဇေယျာဝင်းနှင့် ဖမ်းဆီးရန်ကျန်တရားခံ အာကာဝင်းတို့မှ ဆိုင်ကယ် ၁ စီးဖြင့် အနောက်မှလိုက်၍ ပစ္စတိုဖြင့်ပစ်ခတ်ခဲ့ပြီး ဆိုင်ကယ်တိမ်းမှောက်စဉ် ကောင်းမြင့်ဝင်း(ခ)ကိုနီ အား ဝါးရင်းတုတ်ဖြင့် မသေမချင်း ရိုက်သတ်ခဲ့ကြောင်း။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါအပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန်အတွက် ကုန်းတလပေါင်ကျေးရွာ NLD ရပ်/ကျေးဥက္ကဋ္ဌ တရားခံပြေး အုန်းဇော်မြင့်မှ စေခိုင်းခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဦးနေလင်းအား လုပ်ကြံသတ်ဖြတ်မှု အတွက် ငွေကျပ် ၃၀,၀၀၀၊ ကောင်းမြင့်ဝင်း(ခ)ကိုနီအား လုပ်ကြံသတ်ဖြတ်မှုအတွက် ငွေကျပ် ၅၀,၀၀၀ နှင့် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်းနှင့်ဇနီးဖြစ်သူ ဒေါ်ဟေမာလွင် တို့အား လုပ်ကြံသတ်ဖြတ်မှုအတွက် ငွေကျပ် ၁၂၀,၀၀၀ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် လိုအပ်သည့် လက်နက်/ခဲယမ်းများကိုလည်း ငှားရမ်းပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။