Skip to main content

(၂၀၂၂) ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဗဟိုအဆင့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၄

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ (၂၀၂၂)ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ဗဟိုအဆင့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်းက အသက်ငါးနှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များသည် အာဟာရချို့တဲ့မှုကို အခံစားရဆုံးအုပ်စုဖြစ်ပြီး ငယ်စဉ်ကပင် အာဟာရဆိုင်ရာအသိပညာနည်းပါးခြင်း၊ လွဲမှားသည့်ရှေးရိုးအစားအစာ စားသုံးမှုဓလေ့ထုံးစံများ လွှမ်းမိုးလျက်ရှိခြင်း၊ အာဟာရပြည့်ဝမျှတအောင် ပြင်ဆင်ချက်ပြုတ် စားသုံးတတ်မှုနည်းပါးခြင်း၊ ရောဂါပိုးမွှားများကူးစက်ခံရခြင်း၊ ကလေးပြုစုစောင့်ရှောက် တတ်မှုအားနည်းခြင်းစသည့် အကြောင်းအချက်များစွာကြောင့်ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကလေးများအား မွေးစမှ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရန်နှင့် ကလေးအသက် ၆ လ ပြည့်သည့်အချိန်မှစ၍ သင့်တော်သောဖြည့်စွက်စာနှင့်အတူ အနည်းဆုံးကလေးအသက် ၂ နှစ်အထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးရန် အကြံပြုထားကြောင်း၊ Myanmar Demographic and Health Survey (၂၀၁၅-၂၀၁၆) ခုနှစ်အရ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးနှုန်းသည် (၅၁) ရာခိုင်နှုန်းအထိရှိလာသည်ဖြစ်ကြောင်း၊ ယခုနှစ်ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ် ဆောင်ပုဒ်သည် “Step Up for Breastfeeding, Educate and Support” ဖြစ်ပြီး “ မိခင်နို့ချို တိုက်ဖို့ရာ၊ ဝိုင်းဝန်းပံ့ပိုး ပညာပေးကာ၊ ယနေ့မှစ အရှိန်မြှင့်ပါဟူ၍ မြန်မာဘာသာ ပြန်ဆိုထားကြောင်း၊ မိခင်နို့တိုက်ကျွေးခြင်းသည် အကျိုးကျေးဇူးများစွာ ရရှိသည့်အတွက် ပိုမိုမြှင့်တင်ဆောင်ရွက်ရန်နှင့် တာဝန်ရှိသူများမှပံ့ပိုးပေးကြရန်လိုအပ်ကြောင်း၊ အာဟာရစောင့်ရှောက်ရေးလုပ်ငန်းများကို အောင်မြင်စေရေးဆောင်ရွက်ရာတွင် အစိုးရဌာနများသာမက ပြည်သူလူထုအပါအဝင် အဖွဲ့အစည်းများအားလုံး လက်တွဲညီညီပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက်တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် ကမ္ဘာ့မိခင်နို့တိုက် ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ်ပညာပေးဗွီဒီယိုကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဧည့်သည်တော်များသည် အထိမ်းအမှတ်ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး အသက်(၆)လမှ (၅)နှစ်အောက် ကလေးများကို ဗီတာမင် “အေ ဆေးလုံးများတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို အဏုအာဟာရဆေးဗူးများ၊ အိုင်အိုဒင်းဆားထုပ်များနှင့် လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်ရာတွင် နှစ်စဉ်ဩဂုတ်လ၏ပထမပတ်အား ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်အဖြစ် သတ်မှတ်၍လည်းကောင်း၊ ဒုတိယရက်သတ္တပတ်အား ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ်ဖြစ်သတ်မှတ်ပြီး အင်အားပြည့် ဗီတာမင်အေဆေးလုံးများ၊ သန်ချဆေးများတိုက်ကျွေးခြင်း၊ အာဟာရပညာပေးခြင်းများဆောင်ရွက်ခြင်း၊ တတိယပတ်အား ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ်သတ်မှတ်၍ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အဏုအာဟာရဆေးပြားနှင့် ဗီတာမင်ဘီဝမ်းဆေးပြားများတိုက်ကျွေးခြင်း၊ အာဟာရပညာပေးခြင်းများဆောင်ရွက်ခြင်း၊ စတုတ္ထပတ်အား အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်အဖြစ်သတ်မှတ်၍ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်