နေပြည်တော် သြဂုတ် ၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၉ ရက်နှင့် သြဂုတ် ၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ)၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော အထည်ချုပ်လုပ်ငန်းသုံးပစ္စည်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၅၁၅၄၁၇)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၃၁ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း တရားမဝင် ပျဉ်းကတိုးခွဲသားနှင့် အင်ကြင်းခွဲသား ၂ ဒသမ ၅၁၀၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၅၀၀၀) ကိုလည်းကောင်း၊ သြဂုတ် ၁ ရက် တွင် သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် အရှေ့ရိုးမကြိုးဝိုင်းအတွင်း တရားမဝင်သစ်မျိုးစုံ ၃ ဒသမ ၇၇၁၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၄၀၁၂)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၁၉၀၁၂)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် သြဂုတ် ၁ ရက်တွင်အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တာဝန်ကျ အကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်းများ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၂၉၅၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်များအတွင်း တရားမဝင်ကျွန်းသစ်နှင့်သစ်မာ ၅ ဒသမ ၈၁၃၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၁၄၅၀၈)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၂၉ ရက်၊ ၃၁ ရက်၊ သြဂုတ် ၁ ရက်နှင့် ၃ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၀ မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၅၉၈၉၃၇) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်