နေပြည်တော် ဩဂုတ် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကောင်းမှူးခမ်းကျောင်းတိုက် ဦးစီးပဓာနနာယက ရှမ်းဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တဝိဇေယျ၏ သက်တော် ၈၄ နှစ်ပြည့် ဝိဇာတမွေးနေ့ပူဇော်ပွဲ အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နယ်ယန်းကျိမ်အုပ်စု ဝမ်တောင်းနမ့်ရွာ စွမ်ဟိန်းစေတီတော် ပရိဝုဏ်အတွင်း၌ကျင်းပရာ ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား သိမ်ထွက်သိမ်ဆွမ်းများ လောင်းလှူကြသည်။ ထို့နောက် မူဆယ်မြို့ လွယ်တိန်ခမ်းထေရ ဝါဒသာသနာပြုကျောင်း ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသုခမိန္ဒထံမှ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကိုနာယူကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တပည့်ဒါယကာများက ဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိအကျဉ်းကို ရွတ်ဖတ်ပူဇော်ကြသည်။ ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လွယ်တိန်ခမ်း ထေရဝါဒသာသနာပြုကျောင်း ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကာ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်