Skip to main content

ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာ အသုံးပြုစိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၃

ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာ အသုံးပြုစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် မဲဒီကျေးရွာ၌ ကျင်းပသည်။

သရုပ်ပြပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တောင်သူလယ်သမားများ တက်ရောက်ကြသည်။

သရုပ်ပြပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာအသုံးပြုစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးစရိတ်ကုန်ကျမှုသက်သာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိစေခြင်း၊ ထယ်ထိုးပြီးစိုက်ပျိုးခြင်းနှင့် ကွာခြားချက်ကိုသိရှိနိုင်ရန် ယခုစိုက်ကွင်းတွင် တောင်သူများကို လက်တွေ့ပြသပြီး ရလဒ်ကောင်းများ တောင်သူယုံကြည်စွာ လိုက်ပါကျင့်သုံးလုပ်ကိုင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထယ်ရေးမလိုသောမျိုးစေ့ချကိရိယာကို လယ်မြေများတွင် မိုးစပါးအပြီး ဆောင်းပဲသီးထပ်စိုက်ပျိုးသောဒေသတွင် အထူးသင့်တော်ကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီးတွင်လည်း ယခုကဲ့သို့သော သရုပ်ပြလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများ၏ အတွေ့အကြုံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများဆွေးနွေးပြီး ပိုမိုကောင်းမွန်အောင် ကြိုးစားကြရန်လိုကြောင်း။

ရာသီအချိန်မီ စိုက်ပျိုးထုတ်လုပ်ရန်နှင့် လယ်ယာလုပ်သားရှားပါးမှုကျော်လွှားရန်၊ အရည်အသွေးကောင်းသီးနှံများအရေအတွက်များများ ထုတ်လုပ်ရန်အတွက် စက်မှုလယ်ယာသို့ ကူးပြောင်းရေးသည် မလွဲမသွေလုပ်ဆောင်ရမည့်ကာလလည်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးက သရုပ်ပြပွဲ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာ အသုံးပြုစိုက်ပျိုးခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် အခမ်းအနားတက်ရောက်လာကြသော တောင်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းဖြေကြားသည်။

ထို့နောက် ရိုးပြတ်ရိတ်စက်အသုံးပြုပြီး ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာ အသုံးပြုစိုက်ပျိုးခြင်း၊ ရိုးပြတ်ကိုမရိတ်ဘဲ ထယ်ရေးမလိုသောမျိုးစေ့ချကိရိယာ အသုံးပြုစိုက်ပျိုးခြင်းစသည့် စိုက်ပျိုးနည်းများဖြင့် လက်တွေ့စိုက်ပျိုးနေမှုကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာသူများက မြေပြင်အခြေအနေ၊ မျိုးစေ့မြေဝင်အခြေအနေများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်