နေပြည်တော် ဩဂုတ် ၃
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်ငါးနှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၁၅၄ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၂၃၂၇ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်၌ ဒေသခံပြည်သူ ၁၉၁၃ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခရိုင်မှ ဒေသခံပြည်သူ ၁၃၀၁၈ ဦး၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် ပဲခူးမြို့နယ်တို့၌ ဒေသခံပြည်သူ ၃၇၂ ဦးတို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းများဆောင်ရွက်သည်။
ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၅၇၅၁ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်လေးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ၉၆၁ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိခရိုင် ခုနစ်ခရိုင်၌ ကျောင်းသား ကျောင်းသူ ၅၆၂၂ ဦးတို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့ပြင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများထားရှိရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်