နေပြည်တော် ဩဂုတ် ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော ဦးစီးဌာနများအကြား မတူညီသောလုပ်ငန်းသဘောသဘာဝများကို အပြန်အလှန်နာလည်စေပြီး အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ကြစေရန် လစဉ်ပထမပတ် ဗုဒ္ဓဟူးနေ့များ ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက နေပြည်တော်ရုံးအမှတ်(၁၅)ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ငါးသယံဇာတထိန်းသိမ်းရေးခေါင်းစဉ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ငါးသယံဇာတထိန်းသိမ်းရေးစကားဝိုင်းဆွေးနွေးပွဲကို ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးဇော်က အစီအစဉ်မှူးအဖြစ် တာဝန်ယူ၍ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က ရေလုပ်သားများမှ ငါးသယံဇာတ မပျက်စီးအောင်လိုက်နာရန်ဌာနမှ ဆောင်ရွက်ထားရှိမှု လုပ်ငန်းများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမိုးက မွေးမြူရေးကဏ္ဍမှ ရေချိုငါးသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်နေမှုကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းစိုးက Vessel Monitoring System- VMS စနစ်ဖြင့် တရားမဝင်ငါးဖမ်းဆီးမှုများကို တားဆီးကာကွယ်၍ ငါးသယံဇာတများ ထိန်းသိမ်းကာကွယ်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းကိုကိုက လက်ရှိမြန်မာနိုင်ငံ၏ ငါးမျိုးရင်းမျိုးစိတ်များ ထိန်းသိမ်းထားရှိမှုကိုလည်းကောင်း၊ မွေးမြူရေးနှင့် သုတေသနဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဦးက မွေးမြူရေးသုတေသနဦးစီးဌာန၏ အသားကဏ္ဍနှင့် ငါးကဏ္ဍတိုးတက်ရေးအတွက် ဆောင်ရွက်မှုကိုလည်းကောင်း ဆွေးနွေးကြရာ အခမ်းအနားတက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်