နေပြည်တော် ဩဂုတ် ၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ အခြေခံပညာဦးစီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ် ၁၃၊ ပညာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် သုတေသနစက်ပစ္စည်းများကို အတော်အသင့် ဖြည့်ဆည်းပေးပြီးဖြစ်သဖြင့် တက္ကသိုလ်အားလုံးတွင် သုတေသနလုပ်ငန်းများကို စတင်ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဌာနကြီးများအနေဖြင့် အနည်းဆုံး သုတေသန ၃ ခု မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ဆောင်မည့်သုတေသနစာရင်းကို ခန့်မှန်း သုတေသနအသုံးစရိတ်နှင့်အတူ ဦးစီးဌာနသို့ ဩဂုတ်လကုန် နောက်ဆုံးထား၍ စာရင်းပေးပို့ကြစေလိုပါကြောင်း၊ ဒုတိယပါမောက္ခချုပ်များအတွက် စီမံခန့်ခွဲမှုနှင့်ဘဏ္ဍာရေးဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသင်တန်းများကို ဩဂုတ်လကုန်တွင် လည်းကောင်း၊ အသစ်ခန့်အပ်ထားသော နည်းပြ၊ သရုပ်ပြများနှင့် ထပ်မံခန့်အပ်မည့် နည်းပြ၊ သရုပ်ပြအသစ်များအတွက် သင်ပြနည်းနှင့် စွမ်းရည်မြှင့် တစ်လသင်တန်းများကို စက်တင်ဘာလ တွင်လည်းကောင်း ဖွင့်လှစ်မည်ဖြစ်ပါကြောင်း။
တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကျောင်းများအတွက် ကျောင်းဆောင်လိုအပ်ချက် တင်ပြတောင်းခံရာတွင် ဆောက်လုပ်ရန်မြေနေရာကို Master Plan နှင့် တိုက်ဆိုင်စစ်ဆေးပြီးမှ တင်ပြကြရန်နှင့် စနစ်တကျ ကြီးကြပ်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနက ဖွဲ့စည်းပေးထားသော အင်ဂျင်နီယာအဖွဲ့နှင့် သက်ဆိုင်ရာတက္ကသိုလ်အသီးသီးမှ အင်ဂျင်နီယာများပူးပေါင်း၍ တည်ဆောက်ရေးလုပ်ငန်းများ၏ အရည်အသွေး ပြည့်မီရန်အတွက် လာရောက်စစ်ဆေးကြည့်ရှုရာတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း၊ မိမိတို့၏ဒေသ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သည့်အခက်အခဲပင်ရှိပါစေ ရှေ့သို့ဆက်လက် လျှောက်လှမ်းနိုင်ရန်အတွက် စည်းရုံးရေးဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ကိန်းဂဏန်းအချက်အလက်၊ စာရင်းဇယားများမှန်ကန်ရေး၊ မှတ်တမ်းဓာတ်ပုံများ ထိန်းသိမ်းထားရှိရေး၊ အားကစားပွဲများ ကျင်းပရေး၊ တက္ကသိုလ်များဆိုင်ရာ ပညာရေးပြက္ခဒိန်နှင့်အညီ အကောင်အထည်ဖော်ရေး၊ Grade 12 နှင့်ချိတ်ဆက်၍ တက္ကသိုလ်သင်ရိုး ညွှန်းတမ်းများကို ပြန်လည်သုံးသပ်ရေးဆွဲရေး၊ နိုင်ငံတကာနှင့် ပြည်တွင်းသုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများ ပါဝင်ရေးသားရေး၊ Naypyitaw State Academy ဖွင့်လှစ်ရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ရာထူးတိုးပြောင်းကိစ္စရပ်များ စနစ်တကျ မြန်မြန်ဆန်ဆန်ဆောင်ရွက်ရေး၊ မွမ်းမံသင်တန်းများပို့ချရေး၊ ဖြည့်စွက်အာဟာရ ကျွေးမွေးရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းနှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)