Skip to main content

တစ်နှစ်လျှင် နှစ်သီးစိုက်ပျိုးခြင်းမှ သုံးသီး ပြောင်းလဲစိုက်ပျိုးကြပါစို့

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သည့် နိုင်ငံဖြစ်သည့်အတွက် ဆန်စပါးကို အဓိကထား စိုက်ပျိုးကြသလို ပဲကိုလည်း ဒုတိယဦးစားပေး၍ စိုက်ပျိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြသော လူဦးရေအများအပြားတွင် ၇၀% မှာ စိုက်ပျိုး သူတောင်သူများဖြစ်ပြီး မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများအနေဖြင့် စပါးစိုက်ပျိုး ရိတ်သိမ်းပြီးလျှင် ပုံမှန်အားဖြင့် ပဲသီးနှံနှင့် အခြားသီးနှံများ ဆက်လက် စိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် တစ်နှစ်ကို စပါးပြီးပဲ နှစ်သီးစိုက်ပျိုးခြင်းမှ စပါးပြီးပဲ၊ ပဲပြီးပဲဟူ၍ သုံးသီးပြောင်းလဲ စိုက်ပျိုးနေကြောင်း သိရှိရပါသည်။

ပြည်ခရိုင်၊ ပြည်မြို့အတွင်းရှိ ငါးရွာကျေးရွာအုပ်စုတွင် တစ်နှစ်ကို သုံးသီးစိုက်ပျိုးသော စိုက်ကွင်းသို့ ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေနှင့် အဖွဲ့သည် ဇွန်လအတွင်း ကွင်းဆင်း၍ လေ့လာခဲ့ရာ လတ်တလောအနေဖြင့် စပါး၊ မတ်ပဲနှင့် ပဲတီစိမ်း(ရွှေဝါ) သီးနှံများကို စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။ တစ်နှစ်ကို (၃) သီးရရှိနိုင်ရန် ပထမသီးနှံအဖြစ် ဇူလိုင်လဆန်းမှ အောက်တို ဘာလကုန်အထိ ရက်(၁၂၀) သက်တမ်းရှိ စပါးမျိုးကိုလည်းကောင်း၊ ဒုတိယသီးနှံအဖြစ် မတ်ပဲကို နိုဝင်ဘာလဆန်းမှ ဇန်နဝါရီလကုန်အထိလည်းကောင်း၊ တတိယသီးနှံအဖြစ် မိုးကြိုပဲတီစိမ်းကို မတ်လဒုတိယပတ်မှ ဇွန်လ ဒုတိယပတ်အထိလည်းကောင်း စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်မှုရရှိကြောင်း သိရပါသည်။

ပထမသီးနှံဖြစ်သော စပါးကို စိုက်ပျိုးရာတွင် ဇွန်လအတွင်း ပျိုးဗမ်းဖြင့်ပျိုးထောင်၍ ဇူလိုင်လဆန်းတွင် စတင်စိုက်ပျိုးပါသည်။ စိုက်ပျိုးသည့်စပါးမျိုးမှာ ချမ်းမြေ့မေစပါးမျိုးဖြစ်ပြီး မျိုး(CS) အဖြစ် စိုက်ပျိုးထုတ်လုပ်ကြောင်း သိရပါသည်။ ချမ်းမြေ့မေစပါးမှာ တစ်ဧကလျှင် တင်း (၁၀၀) နီးပါးခန့်ထွက်ရှိ၍ မျိုးပေးထားသည့် ကုမ္ပဏီမှလည်း ထွက်ရှိလာသည့်စပါးများကို တစ်တင်းလျှင် (၁၈၀၀၀) ကျပ်နှုန်းဖြင့် ပြန်လည် ဝယ်ယူပါသည်။ ချမ်းမြေ့မေစပါး စိုက်ပျိုးသော တောင်သူများအနေဖြင့် တစ်တင်းလျှင် (၁၈၀၀၀) ကျပ်ဖြင့် ပြန်လည်ရောင်းချရသဖြင့် တစ်ဧက ဝင်ငွေအနေဖြင့် (၁၈) သိန်းခန့်ရရှိပါသည်။ တစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၇)သိန်းကျပ်ခန့်ကုန်ကျပြီး၊ အသား တင်အကျိုးအမြတ်အနေဖြင့် (၁၁)သိန်းကျပ်ခန့် ရရှိကြောင်း သိရပါသည်။

ဒုတိယသီးနှံအဖြစ် မတ်ပဲကိုစိုက်ပျိုးရာတွင် စိုက်ပျိုးသောမျိုးမှာ ရေဆင်းမျိုးကိုသာ စိုက်ပျိုးပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့် (၁၆) တင်းခန့်ထွက်ရှိပါသည်။ ယခုနှစ်တွင် မတ်ပဲဈေးများ ကောင်းမွန်သဖြင့် တစ်တင်းလျှင် (၄၇၀၀၀) ကျပ်ခန့်ရရှိ၍ တစ်ဧကလျှင် (၇) သိန်းခွဲခန့်ဝင်ငွေရရှိပါသည်။ မတ်ပဲစိုက်ပျိုးရာတွင် တစ်ဧကစိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ် အနေဖြင့် ပျမ်းမျှ (၂) သိန်းကျပ်ခန့် ကုန်ကျသည့်အတွက် အသားတင်အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် (၅) သိန်းခွဲ့ခန့် ရရှိကြောင်း လေ့လာသိရှိရပါသည်။

တတိယသီးနှံအဖြစ် ပဲတီစိမ်းကို ဒေသမျိုးသာ စိုက်ပျိုးပြီး တစ်ဧကလျှင် ပျမ်းမျှအထွက် နှုန်းမှာ (၁၂) တင်းခန့်ထွက်ရှိပါသည်။ ပဲတီစိမ်း တစ်တင်းလျှင် (၄၀၀၀၀)ကျပ် နှုန်းရောင်းချရ သဖြင့် တစ်ဧက ဝင်ငွေမှာ (၄) သိန်း (၈) သောင်းကျပ်ခန့်ရရှိပြီး တစ်ဧကစိုက်ပျိုး ထုတ်လုပ် ကုန်ကျစရိတ် အနေဖြင့် (၂) သိန်း ကျပ်ကုန်ကျသဖြင့် အကျိုးအမြတ်အနေဖြင့် (၂) သိန်းကျော် ခန့်ရရှိကြောင်းသိရပါသည်။ တစ်နှစ်သုံးသီးစိုက်ပျိုးသူ တောင်သူများအနေဖြင့် တစ်နှစ်ပျမ်းမျှ ဝင်ငွေမှာ (၁၈)သိန်း (၅)သောင်းကျော် ရရှိနိုင်မည်ဟု ခန့်မှန်း သိရှိရပါသည်။

စိုက်ပျိုးသီးနှံများ၏ လိုအပ်သော သွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးတို့ကို အပြည့်အဝသုံးစွဲပြီး အဓိကလိုအပ်ချက်ဖြစ်သည့် ရေကို ဒေသသဘာဝအရ ရေလျှံတွင်းများမှ ရရှိပြီး ရေသွင်းရေထုတ်လိုအပ်သလို စီမံဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

တစ်နှစ်သုံးသီးစိုက်ပျိုးနေခြင်းအား ကွင်းဆင်းလေ့လာရာတွင် တွေ့ရှိချက်များမှာ ပုံမှန် စပါးနှင့် မတ်ပဲ(၂)သီးသာ စိုက်ပျိုးခြင်းထက် (၃) သီးစိုက်ပျိုးပါက တစ်ဧက အကျိုးအမြတ်ရရှိ ကြောင်း၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုလျှက်ရှိပြီး သွင်းအားစုများ စနစ်တကျထည့်သွင်း အသုံးပြုကြောင်း၊ သွင်းအားစုထည့်သွင်း အသုံးပြုရာတွင် ပထမသီးနှံဖြစ်သည့် စပါးတွင် အသုံးပြုထားသော သွင်းအားစုများမှာ လယ်မြေအတွင်း အာဟာရဓါတ်များကျန်ရှိနေမှုကြောင့် ဒုတိယစိုက်ပျိုးမည့် မတ်ပဲသီးနှံများအတွက် အကျိုးရရှိပြီး၊ တတိယစိုက်ပျိုးမည့် ပဲတီစိမ်းသီးနှံ အတွက် အနည်းငယ်သာ အသုံးပြုရ၍ သီးနှံတစ်ခုခြင်းအလိုက် သွင်းအားစုများ ထည့်သွင်းသုံးစွဲ ရမှုထက် ပိုမိုသက်သာမှုရှိကြောင်း သိရပါသည်။

စပါးနှင့် ပဲများစိုက်ပျိုးရာတွင် ရေလိုအပ်ချက်အတွက် ယခုလယ်မြေတွင် သဘာဝရေလျှံ တွင်းများရှိ၍ အဆင်ပြေသော်လည်း အချို့တောင်သူများအနေဖြင့် သုံးသီးစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးသည့် လယ်မြေအနီးတွင် သဘာဝမြစ်ချောင်းနှင့် ဆည်မြောင်းလက်တံများလိုအပ်သလို၊ မြစ်ချောင်းနှင့် ဆည်မြောင်းလက်တံများမရှိသော စိုက်ပျိုးမြေအနီးတွင် ကိုယ်ပိုင်အဝီစိတွင်းများ ရှိရန်လိုအပ်ကြောင်း၊ သီးနှံများအားလုံးသည် သဘာဝရာသီဥတုကိုမှီခို၍ စိုက်ပျိုးရခြင်းဖြစ်သဖြင့် မိုးခေါင်ခြင်း၊ မိုးများ၍ ရေကြီးခြင်း၊ ရေလျှံခြင်းများနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ဆုံးရှုံးမှုရှိနိုင်သဖြင့် သုံးသီးစိုက်ပျိုးရန်အတွက် စိုက်ပျိုးမြေနေရာသည် ရေတော်၊ မိုးတော် ဖြစ်၍ ရေလိုအပ်ခြင်း၊ သဘာဝအရင်းအမြစ်ဖြစ်သော မြစ်ချောင်းများ (သို့မဟုတ်) ဆည်မြောင်း လက်တံများရှိသည့်နေရာ ဖြစ်ရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။

တစ်နှစ်သုံးသီး စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာစိုက်ပျိုးရေးဌာနမှ နည်းပညာနှင့် စိုက်နည်းစနစ်များအား ပညာပေးခြင်းနှင့် သရုပ်ပြလယ်ကွက်များဖြင့် တောင်သူများသို့ လက်တွေ့ပြသ၍ စိုက်ပျိုးလာစေရန်စည်းရုံးဆောင်ရွက်ခြင်း၊ ဆည်မြောင်း လက်တံဘေး လယ်ယာများနှင့် သဘာဝအရင်းအမြစ်ရှိသည့် လယ်ယာများတွင် တစ်နှစ်လျှင် သုံးသီး စိုက်ပျိုး သည့် အလေ့အထကို ဆောင်ရွက်စေခြင်း၊ စိုက်ပျိုးမည့်သီးနှံ မှန်ကန်စွာရွေးချယ်၍ အရည် အသွေးကောင်း အထွက်နှုန်းကောင်း သီးနှံဖြစ်ပြီး ရာသီဥတုကိုပါ ချိန်ညှိနိုင်ဖို့လိုအပ်ပါသည်။ ကျွမ်းကျင်လုပ်သားများ လုံလောက်စွာရှိ၍ ထွက်ကုန်သီးနှံများအား အချိန်အခါမှီ ထွက်ပေါ်နိုင်ရန် ပြုပြင်ထိန်းသိမ်းပြီး ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းအတွက်ပါ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါ သည်။ သုံးသီးစိုက်ပျိုးသူတောင်သူများကို နိုင်ငံတော်မှလည်း လိုအပ်သည်များ ပံ့ပိုးဆောင်ရွက် ပေးခြင်း၊ ထွက်ရှိမည့် သီးနှံများအတွက်ဈေးကွက်ရရှိရေးနှင့် ဈေးကောင်းသည့် သီးနှံများကို ရွေးချယ်၍ စိုက်ပျိုးသင့်ကြောင်း အကြံပြုလိုပါသည်။

စိုက်ပျိုးသူ တောင်သူများအနေဖြင့် တစ်နှစ်လျှင် ပုံမှန်နှစ်သီးစိုက်ပျိုးခြင်းမှာ အကျိုး အမြတ်နည်းပြီး သုံးသီးစိုက်ပျိုးခြင်းမှာ အကျိုးအမြတ်များစွာ ရရှိသည့်အတွက် တောင်သူများ အတွက် တွက်ခြေလည်း ကိုက်သလို နိုင်ငံတော်အနေဖြင့်လည်း ပိုလျှံသီးနှံများကို နိုင်ငံခြားသို့ တင်ပို့နိုင်မည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေများ ပိုမို ရရှိလာမည်ဖြစ်ပါသည်။ ပြည်တွင်းလယ်ယာ ကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများလည်း ပိုမိုတိုးတက်လာပြီး ကုန်သွယ်မှုလုပ်ငန်းများလည်း တိုးတက် လာ၍ အလုပ်အကိုင် အခွင့်အလမ်းကောင်းများလည်း ရရှိလာမည်ဖြစ်သဖြင့် တောင်သူများ အနေဖြင့် တစ်နှစ်လျှင် နှစ်သီးမှ သုံးသီးသို့ ပြောင်းလဲစိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြ လိုက်ပါသည်။

DOCA(ပဲခူး)