Skip to main content

မကွေးတိုင်းဒေသကြီးနှင့် ဖွဲနုဆီထုတ်လုပ်ခြင်းလုပ်ငန်း

မကွေးတိုင်းဒေသကြီးတွင် ၂၀၂၁ ခုနှစ်မှ ငါးနှစ်တာကာလအတွင်း စပါးစိုက်ပျိုးထွက်ရှိမှု စာရင်းများအရ နှစ်စဉ်စပါးတင်း (၄၆၇) သိန်းထွက်ရှိပြီး မျိုးစပါးနှင့် အလေအလွင့်အတွက် နုတ်ပယ်ပါက ပြည်တွင်းဆန် စားသုံးမှုအတွက် ကြိတ်ခွဲနိုင်သော စပါးတင်း(၄၃၄)သိန်းကျော် ကျန်ရှိပါသည်။ အဆိုပါ စပါးများကြိတ်ခွဲရန်အတွက် မကွေးတိုင်းဒေသကြီးအတွင်း တန်းမြင့်ဆန်ကြိတ်ခွဲနိုင်သော တန် (၄၀) နှင့် အထက်ဆန်စက်ကြီး (၉) လုံး၊ (၁၅) တန်နှင့် တန် (၄၀)ကြား ကြိတ်ခွဲနိုင်သည့် ဆန်စက်အလတ်(၁၇)လုံး၊ (၁၀) တန်မှ (၁၅) တန်ကြား ကြိတ်ခွဲနိုင်သည့် ဆန်စက်ငယ်(၆၅)လုံးရှိပြီး ဆန်စက်များ၏(၁)ရက် ကြိတ်ခွဲစွမ်းအား ဆန်တန်(၁၂၀၀)ကျော် ကြိတ်ခွဲနိုင်သဖြင့် ဒေသတွင်းထွက်ရှိသောစပါးများကို ပုဂ္ဂလိက ဆန်စက်များမှ နိုင်နင်းစွာကြိတ်ခွဲနိုင်သော အခြေအနေရှိကြောင်း လေ့လာသိရှိရပါသည်။

ဆန်စက်များမှ စပါးကြိတ်ခွဲရာတွင် စပါးတင်း(၁၀၀)လျှင် ဖွဲနုအထွက်မှာ (၈)တင်းမှ (၁၀) တင်းအထိ ထွက်ရှိသဖြင့် မကွေးတိုင်းဒေသကြီးအတွင်း နှစ်စဉ်ပျမ်းမျှ ပြည်တွင်းဆန်စားသုံးမှုအတွက် စပါးတင်း(၄၃၄)သန်းကြိတ်ခွဲခြင်းမှ ဖွဲနုတန်ချိန်(၉၀၀၀၀)ကျော် ထွက်ရှိလျက်ရှိပါ သည်။ အဆိုပါ ဆန်ကြိတ်ခွဲခြင်းမှထွက်ရှိသည့် ဖွဲနုတန်ချိန် (၉၀၀၀၀)ကျော်အနက် မွေးမြူရေးလုပ်ငန်းသုံး တိရိစ္ဆာန်အစားအစာအတွက် သုံးစွဲမှုအားနုတ်ပယ်ပြီးပါက ဖွဲနုတန်ချိန် (၇၀၀၀၀)ကျော်အား ဖွဲနုဆီကြိတ်ခွဲထုတ်လုပ်ရာတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

မကွေးတိုင်းဒေသကြီးအတွင်း စပါးအများဆုံးစိုက်ပျိုးထွက်ရှိသော မြို့နယ်များမှာ ပွင့်ဖြူ မြို့နယ်၊ စလင်းမြို့နယ်၊ မင်းဘူး(စကု) မြို့နယ်၊ မြို့သစ်မြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်တို့ ဖြစ်ပြီး ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသများတွင် ဆည်ရေသောက် ဧရိယာများပြားပြီး စပါး အထွက်ကောင်းခြင်း၊ ဆန်စက်ကြီးအများအပြား တည်ရှိခြင်းတို့ကြောင့် ဖွဲနုဆီစက်ကို မင်းဘူးခရိုင်အတွင်း တည်ဆောက်ပါက မြို့နယ်အသီးသီးမှ ကြိတ်ခွဲထွက်ရှိသော ဖွဲနုများကို သယ်ယူရန်လက်လှမ်းမီပြီး အချိန်မီသယ်ယူ စုဆောင်းနိုင်မည်ဖြစ်ပါသည်။

ဖွဲနုဆီစက်အား တည်ဆောက်ပြီးပါက စက်လည်ပတ်ကာလမှာ ဆန်စက်များ လည်ပတ်မှုနှင့် ဖွဲနုရရှိမှုအခြေအနေအရ (၁) နှစ်လျှင် (၉) လခန့်သာ လည်ပတ်နိုင်မည်ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီးအတွင်း ဖွဲနုရရှိနိုင်မှုအခြေအနေအရ(၁)ရက်လျှင် ဖွဲနုကုန်ကြမ်း တန်(၃၀) ကြိတ်ခွဲနိုင်ပြီး ထုတ်လုပ်နိုင် သည့်ဖွဲနုဆီစက်(၁)လုံးကို စတင်တည်ဆောက်လုပ်ကိုင်ပြီး လုပ်ငန်းအောင်မြင်တိုးတက်မှုအပေါ်မူတည်၍ ဖွဲနုဆီစက်များ ထပ်မံတိုးချဲ့တည်ဆောက်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

တစ်ရက်လျှင်ဖွဲနုတန် (၃၀) ကြိတ်ခွဲနိုင်ပြီး ဖွဲနုဆီချောထုတ်လုပ်နိုင်သည့် ဖွဲနုဆီစက် (၁) လုံး၏ လက်ရှိပေါက်ဈေးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၃) သိန်းဝန်းကျင်ရှိပြီး မြေနေရာနှင့် အဆောက်အဦတန်ဖိုးအပါအဝင် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကျပ်သိန်း(၈၀၀၀)ခန့် လိုအပ်မည် ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မည့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများဖိတ်ခေါ်ခြင်း၊ သမဝါယမအသင်းများမှ လုပ်ငန်းမတည်ဦးဆောင် လုပ်ကိုင်စေခြင်းများဖြင့် မကွေးတိုင်းဒေသကြီးအတွင်း ဖွဲနုဆီထုတ်လုပ်ခြင်းလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်လာနိုင်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပေါင်းစပ်အားပေး ကူညီဆောင်ရွက်မည်ဆိုပါက ပိုမိုသင့်လျော်မည်ဖြစ်ပါသည်။

ဖွဲနုဆီကြိတ်ခွဲထုတ်လုပ်ရာတွင် အသုံးပြုရသည့် ဓါတ်ပျံဆီမှာ လေထုထဲတွင် အငွေ့အဖြစ် မီးလောင်လွယ်ပြီး ပေါက်ကွဲလောင်ကျွမ်းမှု အန္တရာယ်ကြီးမားခြင်းကြောင့် အထူးသတိထား ကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် ဖွဲနုဆီကြိတ်ခွဲထုတ်လုပ်မှု နည်းစနစ်များနှင့် ပတ်သက်၍ ကျွမ်းကျင်မှုရှိသောဝန်ထမ်း/ လုပ်သားများဖြစ်အောင် လေ့ကျင့်သင်ကြာပေးခြင်းကို စက်လည်ပတ်ကြိတ်ခွဲခြင်း လုပ်ငန်းများမစတင်မီ ကြိုတင်စီမံဆောင်ရွက်ထားသင့်ပါသည်။ ထို့အပြင် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှတင်သွင်းနေရသော စားအုန်းဆီများ တင်သွင်းမှု လျော့ချနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအနေဖြင့် ဖွဲနုဆီကြိတ်ခွဲထုတ် လုပ်ခြင်းလုပ်ငန်းကို စားသုံးဆီဖူလုံရေးအတွက်သာမက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း တစ်ရပ်အနေဖြင့်ပါ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဆန်စပါးကြိတ်ခွဲသန့်စင်ထုတ်လုပ်သည့် ဆန်စက်များ၏ ဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများဖြစ်သော စပါးခွံ(Rice Husk) နှင့် ဖွဲနု(Rice Bran) တို့မှ တန်ဖိုးမြှင့်ထွက်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။ စပါးခွံမှလျှပ်စစ်ထုတ်သည့် ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်ထုတ်စက်ရုံ၊ ဖွဲနုမှ ဆီကြမ်း ထုတ်လုပ်ရေး စက်ရုံ၊ ဖွဲနုဆီသန့်စင် စက်ရုံများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကာ အသင်းဝင်ကုမ္ပဏီများ၊ ဆန်စက်များ လုပ်ငန်းရှင်များအနေဖြင့်တစ်ဖွဲ့တည်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ရင်းနှီးမြှုပ်နှံနိုင်ကြောင်းနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် စပါးခွံနှင့် ဖွဲနုတို့မှ သုတေသနနှင့် ဖွံ့ဖြိုးရေးကော်မတီ (MRF - R&D Committee) သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။ ထိုကဲ့သို့တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုလုပ်ငန်းများသည် နိုင်ငံတော်၏ စားသုံးဆီကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးအစာထုတ်လုပ်မှုကဏ္ဍတို့တွင် အကျိုးပြုစေမည်ဖြစ်ပါသည်။ ထို့ပြင်ပြည်တွင်း ကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၊ နည်းပညာတိုးတက်ရရှိနိုင်မှုနှင့် စီးပွားရေးအရ အကျိုးအမြတ်ရရှိမှုတို့ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံလိုသူ များအား ငွေကြေးနှင့် ဘဏ်ဝန်ဆောင်မှုဆိုင်ရာ ကာလလတ်နှင့် နှစ်ရှည်ချေးငွေ (Medium and Long Term Project Finance) ရရှိနိုင်ရေးနှင့် ခေတ်မီနည်းပညာပိုင်းဆိုင်ရာတို့တွင် နိုင်ငံတကာ အဖွဲ့အစည်းများ ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အသင်းချုပ်က ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံတော်၏ ပို့ကုန်မဟာဗျူဟာ (National Export Strategy)တွင် ဆန်နှင့်ဆန်ထွက် ပစ္စည်းထုတ်လုပ်တင်ပို့ရောင်းချရေးကို ပြောင်းလဲသတ်မှတ်ထားပြီး မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်အနေဖြင့် နိုင်ငံတော်၏ ပို့ကုန်မဟာဗျူဟာပါ Action Plan များအတိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ စားသုံးသူရေးရာဦးစီး ဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း လေ့လာသိရှိရပါသည်။ ဆန်စပါးတန်ဖိုး ကွင်းဆက် (Rice Value Chain) ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆန်ကြိတ်ခွဲမှု ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအပြင် ပေါင်းဆန်စက်များ ပြန်လည်တိုးချဲ့တည်ဆောက်နိုင်ရေး၊ အခြောက်ခံစက်များ တိုးမြှင့်သုံးစွဲနိုင်ရေး၊ တန်းမြင့်ဆန် ထုတ်လုပ်ရေးစက်များ၊ အားဖြည့်ဆန် ထုတ်လုပ်ရေးလုပ်ငန်းများ၊ စပါးမှဆန်၊ ဆန်ကွဲ၊ ဆန်မှုန့်၊ ဆန်ခေါက်ဆွဲ၊ ဆန်ကြာဆံ ထုတ်လုပ်မှုများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာ နိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ပြည်တွင်းပြည်ပဖွံ့ဖြိုးရေး မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ အသင်းချုပ်ကဦးဆောင်၍ ဖွဲ့စည်းတည်ထောင်ထားသော အများပိုင်ကုမ္ပဏီဖြစ်သည့် မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO)အနေဖြင့် စပါးခွံမှ လျှပ်စစ်ထုတ်လုပ်သည့် (Boiler Turbine based Rice Husk fired Power Generation Plants) များကို မြန်မာနိုင်ငံတွင် ရှေ့ပြေးစီမံကိန်းများအဖြစ် ကျိုက်လတ်နှင့် မြောင်းမြမြို့နယ်တို့တွင်လည်းကောင်း၊ Solvent Extraction and Physical Refining နည်းပညာဖြင့် ဖွဲနုဆီထုတ်လုပ်နိုင်ရေး အတွက်လည်းကောင်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လည်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှတင်သွင်းနေရသော စားအုန်းဆီများ တင်သွင်းမှုလျော့ချနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအနေဖြင့် ဖွဲနုဆီကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းကို စားသုံးဆီဖူလုံရေးအတွက်သာမက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းတစ်ရပ်အနေ ဖြင့်ပါအကောင်အထည်ဖော် စီစဉ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)