ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်တွင် ၁၉၈၀ ခုနှစ်ခန့်လောက်က စတင်၍ ငါး၊ ပုဇွန်မွေးမြူရေးလုပ်ကိုင်ရန် ကန်တစ်ရာစီမံကိန်းအဖြစ် စတင်လုပ်ကိုင်ခဲ့ပါသည်။ လက်ပံတန်းမြို့နယ်သည် ဧရာဝတီမြစ်ကမ်းနံဘေးတွင်တည်ရှိပြီး မြစ်မခမြစ်ရေများ ဖြတ်သန်း စီးဆင်းနေပါသည်။ မြစ်မခမြစ် ပတ်ဝန်းကျင် ကျေးရွာများတွင် ရေကြီးရေလျှံ ရေနက်ကွင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။
ကန်တစ်ရာစီမံကိန်းကို အစပြုပြီး ငါးမွေးမြူရေးလုပ်ငန်းများကို အမြောက်အများ လုပ်ကိုင်လျက်ရှိပါသည်။ လက်ပံတန်းမြို့နယ်တွင် ငါးကန်ဧရိယာပေါင်း ၄၈၃၄.၆၃၉ ဧကရှိပါ သည်။ ရေပေါ်ငါး ရေလယ်ငါး၊ ရေအောက်ငါးဟူ၍ ငါးအမျိုးအစား (၃) မျိုးရှိပါသည်။ ငါးမြစ်ချင်း ငါးအများစုသည် ရေပေါ်တွင် အနေများသဖြင့် ရေပေါ်ငါးဟူ၍ လည်းကောင်း၊ ငါးဒန်၊ ငါးခေါင်းပွ၊ ငါးမုန့်ငါးများသည် ရေအလယ်တွင် အများဆုံးနေထိုင်သဖြင့် ရေလယ်ငါးဟူ၍လည်းကောင်း၊ ငါးကြင်းဖြူ၊ ဇရားဘီးယား ငါးများသည် ရေအောက်တွင် အနေများသဖြင့် ရေအောက်ငါးဟူ၍ လည်းကောင်း သတ်မှတ်ကြပါသည်။ လက်ပံတန်းမြို့နယ်တွင် ငါးမြစ်ချင်းငါးများကို အများဆုံး မွေးမြူကြပါသည်။ ငါးမွေးမြူခြင်းလုပ်ငန်းကို လက်ပံတန်းမြို့နယ်၊ မဟာဗျုဟာလမ်း၊ ဘီးလင်း အုပ်စု၊ ဖိုးကတိုးကျေးရွာတွင် မွေးမြူထားသော ငါးမွေးမြူရေးကန်အကြောင်း လေ့လာတွေ့ရှိ ချက်များအရ ငါးသားပေါက်အရွယ်မှစတင်၍ ရောင်းတန်းဝင်ငါးများမွေးမြူခြင်းထိ မွေးမြူရေး ကန်များအဆင့်ဆင့်ပြောင်းလဲပြီး ကန်အမျိုးမျိုးထဲသို့ ထည့်သွင်းမွေးမြူကြရပါသည်။
(၁) ဧကကျယ်ဝန်းသော သားပေါက်ငါးကန် (၅) ကန်ထဲသို့ ၁လက်မ၊ ၂လက်မအရွယ် ငါးမြစ်ချင်းသားပေါက်တစ်ကောင်လျှင် ၈ ကျပ်နှုန်းဖြင့် အကောင်ရေ (၅၀၀၀၀) ခန့် ထည့်၍ မွေးမြူရပါသည်။ ၁၀ လ ကြာလျှင် ၄လက်မ ၊ ၅လက်မ အရွယ်ရောက်ရှိနေသောငါးများကို ဖွကန် ခေါ်ဝေါ်သော ၅ ဧကခန့်ကျယ်ဝန်းသော ကန် (၂) ကန်ထဲသို့ ပြောင်းထည့်၍ မွေးမြူရပါသည်။ ဖွကန်ထဲတွင် ၁၀လကြာပြီးနောက် ၁၅ ကျပ်သား ၊ ၂၀ ကျပ်သား အရွယ်ရောက်ရှိလာလျှင် ၁၀ ဧက ကျယ်ဝန်းသောငါးကန်ကြီးထဲသို့နောက်ဆုံးအဆင့် ထည့်သွင်းမွေးမြူရပါသည်။
ငါးသားပေါက်အရွယ် သားပေါက်ကန်မှ ငါးသားပေါက် (၅၀၀၀၀) ကို တစ်နေ့လျှင် ပဲဖတ် ၂ ပိဿာနှင့် ဖွဲနု ၃ပိဿာအား နေ့စဉ်ရောစပ်ကျွေးရပါသည်။ ပဲဖတ်တစ်ပိဿာလျှင်၂၁၀၀ ကျပ်၊ ဖွဲနုတစ်ပိဿာ လျှင် ၈၄၀ ကျပ်ဖြင့် ငါးသားပေါက်များကို ၁၀လကြာသည်အထိကျွေးရပါသည်။
၁၀ လကြာမွေးမြူထားသောငါးများကို ဖွကန်ထဲသို့ ပြောင်းထည့်၍ အစာကျွေးရာတွင် တစ်နေ့လျှင် ဖွဲနု (၂) အိတ်မှစတင်ပြီး (၅)အိတ်အထိ (၈) လကြာသည်အထိကျွေးရပါသည်။ ဖွဲနုတစ်အိတ်လျှင် ၁၅၀၀၀ ကျပ်ဖြင့် ဝယ်ယူကျွေးရပြီး ယခင်နှစ် ဖွဲနုတစ်အိတ် ဈေးနှုန်းမှာ (၇၅၀၀) ကျပ်ခန့်သာ ရှိခဲ့ပါသည်။ (၈) လကြာမွေးမြူပြီးသော ငါးများကို (၁၀)ဧက ကျယ်ဝန်း သော အသားတိုးကန်ထဲသို့ ပြောင်းလဲထည့်သွင်းပြီး တစ်နေ့လျှင် ဖွဲနု(၃)အိတ်မှစပြီး ငါးကြီးလာ လျှင် (၇-၈-၉-၁၀) အိတ်အထိ (၈) လကြာကျွေးရပါသည်။ အသားတိုးကန်ထဲတွင် (၈) လကြာ မွေးမြူပြီးပါက (၁) ပိဿာဝန်းကျင်နီးပါးရှိသော ရောင်းတန်းဝင် ငါးများရရှိပြီး ကန်ဖော်၍ ရောင်းချနိုင်ကြောင်း သိရှိရပါသည်။
နောက်ဆုံး အသားတိုးကန်အတွက် အစာ၊ စုစုပေါင်းကုန်ကျစရိတ်မှာ ၂၅၂ သိန်းဖြစ်ပြီး ငါးသားပေါက်အရွယ်မှ ၁ ပိဿာနှင့် ၁ ပိဿာ ၅၀ အရွယ်ရှိလာတဲ့အထိ စုစုပေါင်း အစာအတွက် ကုန်ကျစရိတ်မှာ ၄၀၇ သိန်းခန့်ရှိပါသည်။ ငါးကန်များကို စောင့်ကြည့်ရန် အစောင့်လုပ်သား တစ်ဦးငှားရမ်းရပါသည်။ လုပ်သားခတစ်ဦးအတွက် တစ်လလျှင် ၁၂၀၀၀၀ ကျပ်ရှိပြီး တစ်နှစ်လျှင် (၁၅)သိန်းခန့်ကုန်ကျပါသည်။ ပိုက်ဆွဲသည့်ကာလတွင် အလုပ်သမား အယောက်(၂၀) လိုအပ်ပြီး (၃) ရက်ဆွဲခ ၅သိန်းခန့်ရှိပါသည်။ ငါးတစ်ပိဿာလျှင် ပျမ်းမျှရောင်းရငွေ (၄၀၀၀) ကျပ်ဖြစ်ပြီး ငါးပိဿာ (၁၅၀၀၀)ရောင်းရငွေမှာ သိန်း ၆၀၀ ခန့်ရရှိပါသည်။ ကုန်ကျစရိတ်၊ အစာ၊ လုပ်သားခ အားလုံးနှုတ်ယူပြီး ရရှိသည့် အမြတ်ငွေမှာသိန်း ၁၅၀ခန့်ရရှိနိုင်ကြောင်းသိရှိရပါ သည်။
ငါးမွေးမြူရာတွင် ငါးအစာကျွေးသည့် နည်းစနစ်များ မတူညီကြချေ၊ ရေပေါ်အစာတောင့်၊ ရေအောက်အစာတောင့်၊ ဖွဲနု၊ ပဲဖတ်စသည့်ဖြင့် ကန်ပိုင်ရှင်များမှ ရွေးချယ်အသုံးပြုကြပါသည်။ ယေဘုယျအားဖြင့် ဖွဲနုအစာကျွေးသည့် ယေဘုယျနှုန်းထားမှာ ငါးအလေးချိန် ၁ပိဿာလျှင် ဖွဲနု(၅) ကျပ်သားနှုန်းဖြင့် ကျွေးလျှက်ရှိပါသည်။ ကြာမြင့်ချိန် ၈လကြာသည်အထိ ငါးကြပ်ကန်၊ ငါးဖွကန်၊ အသားတိုးကန်ဟူ၍ များသောအားဖြင့် ခွဲခြားမွေးမြူလျှက်ရှိပါသည်။ ဖွဲနုဈေး အသက်သာဆုံးနှင့် အပေါများဆုံးအချိန်ဖြစ်သည့် စပါးသစ်ပေါ်ချိန်တွင် ထွက်ရှိလာသော ဖွဲနုများ ကို အစာအခြောက်တောင့် ပြုလုပ်ထိန်းသိမ်းခြင်းသည် ငါးမွေးမြူရေးသမားများအတွက် အရေးကြီးသော လိုအပ်ချက်ဖြစ်ပါသည်။ ဤကဲ့သို့ ထိန်းသိမ်းထားနိုင်သည်နှင့်အမျှ ပြည်တွင်းငါး ဈေးနှုန်းကြီးမြင့်မှုကိုလည်း ထိန်းကျောင်းနိုင်sမည်ဖြစ်ပါသည်။
ငါးကန်ပိုင်ရှင်များသည် ၎င်းတို့အတွေ့အကြုံများအရ မနက်စောစောအချိန်တွင် ကန် ပတ်ဝန်းကျင် ကန်ရေပြင်မျက်နှာပြင်တို့၌ တဖျက်ဖျက်တောက်နေသည့် သံလျပ်ပုံစံများကို ကြည့်၍ ၎င်းတို့ကန်ရှိ ရေ၏အရည်အသွေးကို လေ့လာမှတ်သားပြီး နွားချေး၊ ထုံးစသည်တို့ဖြင့် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။ နွေရာသီအချိန်တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် အထက်ရောက်ပါက ငါးအသေအပျောက် ဖြစ်ပေါ်နိုင်သည့် အခက်အခဲများ ကြုံတွေ့ရပါသည်။
လက်ပံတန်းမြို့နယ်ရှိ ငါးမွေးမြူရေးလုပ်ငန်းသည် ငါးကန်ပိုင်ရှင်များအတွက် သားပေါက်စခန်း၊ သားပေါက်ရောင်းချသည့်စခန်း၊ အစာတောင့်ထုတ်လုပ်ရန်စက်ရုံနှင့် ငါးမွေးမြူခြင်း နည်းပညာများ လိုအပ်လျက်ရှိကြောင်းတင်ပြလိုက်ရပါသည်။ DOCA(ပဲခူး)