နေပြည်တော် ဩဂုတ် ၂
ဦးစိုင်းကျော်သူရေးသားသော “မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းမှတ်တမ်း (၁၈၈၆ - ၂၀၂၂)” စာအုပ်ထွက်ရှိလာသည်။ စာအုပ်တွင် မြန်မာနိုင်ငံသည် ၁၈၈၆ ခုနှစ် လွတ်လပ်ရေး ဆုံးရှုံးပြီးနောက် ပထမဆုံး ရွေးကောက်ပွဲ စတင်ကျင်းပခဲ့သည့် ၁၉၂၂ ခုနှစ်မှစ၍ ၂၀၂၀ ပြည့်နှစ်အထိ ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ ၁၇ ကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ သုံးကြိမ်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ်ကြိမ်၊ ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးမျိုးတို့နှင့် ယနေ့မျက်မှောက်အချိန် ရွေးကောက်ပွဲ အလွန်ကာလ ၂၀၂၂ ခုနှစ်အထိ ဖြစ်စဉ်ဖြစ်ရပ်များကို ရေးသားထားသည်။ ထို့အပြင် နိုင်ငံရေးပါတီများ တည်ထောင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပူးပေါင်းဖွဲ့စည်းခြင်းများနှင့် ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်မှုအခြေအနေ၊ ရွေးကောက်ပွဲများတွင် ရွေးကောက်တင်မြှောက်ခံရသော နိုင်ငံရေးပါတီများ၊ အမတ်များ/လွှတ်တော် ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲများတွင် တင်သွင်းလာသော ကန့်ကွက်လွှာအမှုများနှင့် အနိုင်အရှုံး ရလဒ်များ၊ ရွေးကောက် ပွဲနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းခဲ့သော ဥပဒေ၊ နည်းဥပဒေ များကို အခန်းရှစ်ခန်းခွဲ၍ ရေးသားထားပါသည်။ ၁၈၈၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်ပေါင်း ၁၃၆ နှစ် အတွင်း မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများနှင့် စပ်လျဉ်း၍ ဖြစ်စဉ်၊ ဖြစ်ရပ်များ၊ အကြောင်းအရာစုံလင်စွာဖော်ပြ ထားသော စာအုပ်ဖြစ်၍ နိုင်ငံသားတိုင်းဖတ်ရှု လေ့လာသင့်သော စာအုပ်ဖြစ်သည်။
စာအုပ်သည် စာမျက်နှာ ၅၀၅ မျက်နှာ၊ ခန့်ချုပ် (ကတ်ထူ) အဖုံး၊ ၁၉x၂၆ ဒသမ ၂၅ စင်တီမီတာရှိပြီး တန်ဖိုးငွေကျပ် ၂၀၀၀၀ ဖြင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရုံး၊ ရွေးကောက်ပွဲခုံရုံးဌာန၊ နေပြည်တော်၊ ဖုန်း ၀၆၇-၄၀၄၄၁၀၊ ၀၆၇-၄၀၄၄၀၈၊ ၀၉-၅၁၉၀၅၄၅ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။
သတင်းစဉ်