နေပြည်တော် ဩဂုတ် ၂
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ ဒုတိယ အကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်သည်။
ရှေးဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက နိုင်ငံတော်၏ သဘာဝ သယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများကို အမျိုးသား ရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏ကမ်းရိုးတန်းနှင့် ဒီရေတောကဏ္ဍဆိုင်ရာ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အပြာရောင် စီးပွားရေး (Blue Economy)သည် ပင်လယ်၊ သမုဒ္ဒရာနှင့် သက်ဆိုင်သော စီးပွားရေးဖွံ့ဖြိုးမှု သက်သက်ကို ဆောင်ရွက်ခြင်း မဟုတ်ဘဲ ပင်လယ် ကမ်းရိုးတန်းသယံဇာတများ ရေရှည်တည်တံ့ရေး၊ ပင်လယ်သမုဒ္ဒရာဂေဟစနစ် တည်ငြိမ်ရေး၊ ပင်လယ်များနှင့် ထိစပ်လျက်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေရေး အတွက် ဦးတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အပြာရောင်စီးပွားရေး ဖွံ့ဖြိုးရေး ဆိုင်ရာမူဝါဒများဖော်ထုတ်နိုင်ရေးအတွက် အခြေခံကျသော နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ ဘက်စုံစီမံအုပ်ချုပ်ရေး အစီအစဉ်ကို ရေးဆွဲအကောင်အထည်ဖော်လျက် ရှိကြောင်း။
မြန်မာနိုင်ငံကမ်းရိုးတန်းသည် ဘင်္ဂလား ပင်လယ်အော် ဂေဟစနစ်တစ်ခုလုံး၏ ငါးပုံသုံးပုံကို ပိုင်ဆိုင်ထားပြီး ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ စုံလင်စွာတည်ရှိနေကြောင်း၊ အဏ္ဏဝါဇီဝမျိုးစုံ မျိုးကွဲများ၊ သန္တာကျောက်တန်းများ၊ ဒီရေတောများ၊ ပင်လယ်မြက်ခင်းများ၊ ငါးပုစွန် ရေထွက် သယံဇာတများ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရသည့်အပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ၎င်းတို့၏ အကျိုးဆက် အနေဖြင့် အစားအစာ လုံခြုံစိတ်ချမှုများ လျော့ပါး လာခြင်းနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ လျော့နည်းလာခြင်းကို ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ပင်လယ်အတွင်း ပလတ်စတစ် အမှိုက်များ၊ လျှပ်စစ် စွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးစွန့်ပစ် ပစ္စည်းများစသော အမှိုက်စွန့်ပစ်မှုများ ထိန်းချုပ်နိုင်ရေး စသည့်လက်ရှိ စိန်ခေါ်မှုများကို ထိထိရောက်ရောက် ဖြေရှင်း ဆောင်ရွက်သွားရန်အတွက် ဒေသစုံ၊ ကဏ္ဍစုံ၊ ဌာနစုံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပြီး ရေရှည်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက အမှာစကား ပြောကြားပြီး ကော်မတီ အတွင်းရေးမှူးက ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် အကောင်အထည်ဖော် ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေမှု၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံ များကို ဆွေးနွေးပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်