Skip to main content

စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဩဂုတ် ၂

စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးညွန့်အောင်က စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့် ဥပဒေတို့သည် နိုင်ငံတော်၏ တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများ မြင့်မားတိုးတက်စေမည့်အပြင် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူ ဖြစ်စေကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်သည့် နည်းဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ လိုအပ်သည့် နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းပြီးပါက ဒီဇိုင်းပိုင်ရှင်နှင့် ဖန်တီးသူတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို အကာအကွယ်ပြည့်ဝစွာ ခံစားနိုင်ခြင်း၊ ဆန်းသစ်တီထွင် ဖန်တီးလိုချင်စိတ်များကို အားပေး မြှင့်တင်နိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာနိုင်ခြင်းနှင့် လူနေမှုအဆင့်အတန်း မြင့်မားခြင်း စသည့်အကျိုးကျေးဇူးများရရှိလာမည် ဖြစ်ရာ အစည်းအဝေးသို့ တက်ရောက်လာသူများ အနေဖြင့် ပွင့်လင်းစွာ ဆွေးနွေးအကြံပြုကြစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ (မူကြမ်း)နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဝင် ညွှန်ကြား​ရေးမှူးချုပ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်နှင့် တာဝန်ရှိသူများက သက်​ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးအကြံပြုကြရာ အမြဲတမ်းအတွင်းဝန်က ဖြည့်စွက်ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်