Skip to main content

ရှေ့သို့ချီမည် ပန်းတိုင်ဆီ

နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းကြောင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်ဟု အဆိုရှိသည်။ အကယ်၍ စစ်ရေးနည်းလမ်းအပြင် တွေ့ဆုံဆွေးနွေး ခြင်းကဲ့သို့သော အခြားနည်းလမ်းတစ်ရပ် ဖြစ်ပေါ်လာလျှင်မူ စစ်ရေးကို ဆက်လက်စွဲကိုင်ထားရန် မသင့်တော့။ ရွေးချယ်ရန်နည်းလမ်း မရှိခဲ့ခြင်းကြောင့် ဖြစ်စေ၊ ခံယူချက်တစ်ခုခုကြောင့် ဖြစ်စေ ကျင့်သုံးခဲ့သည့် စစ်ရေးလမ်းစဉ်သည် သေကျေမှုများ၊ ပျက်စီးဆုံးရှုံးမှုများ၊ အနိဋ္ဌာရုံများကိုသာ ဖြစ်ပေါ်လာစေခဲ့ပြီး တည်ငြိမ်အေးချမ်းမှု၊ သာယာဝပြောမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆိတ်သုဉ်း သွားစေခဲ့သည်။ လက်နက်ကိုင်လမ်းစဉ်မှ ဖယ်ခွာ၍ တွေ့ဆုံဆွေးနွေးခြင်းမှ တစ်ဆင့် ထာဝရငြိမ်းချမ်းရေးကို ရယူနိုင်မှသာ ပဋိပက္ခများချုပ်ငြိမ်းပြီး တိုင်းရင်းသားဒေသ အသီးသီးနှင့်တကွ နိုင်ငံတစ်ဝန်းလုံး ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည့် နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်သည်။

“ကျွန်တော်တို့ အစိုးရအနေနဲ့ ‘ရှေ့သို့လှမ်းမည်၊ ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) ဆိုတဲ့အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသား ပြည်သူလူထုအကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝတွေကို တည်ဆောက်ပေးသွားမှာ ဖြစ်ကြောင်း တိုင်းရင်းသား ပြည်သူလူထုကို အသိပေးပြောကြားလိုပါတယ်” ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၁ နှစ်နှင့် ၆ လ (၁၈ လ)ပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်။ နိုင်ငံတစ်နိုင်ငံတွင် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မည်သို့သော အခက်အခဲ၊ အကျပ်အတည်းများ၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရစေကာမူ နိုင်ငံ၏အစိုးရနှင့် ပြည်သူတို့အနေဖြင့် အခက်အခဲဟူသမျှကို ရင်ဆိုင်ကျော်လွှားကာ ပန်းတိုင်သို့ ဦးတည်၍ ချီတက်ကြရစမြဲ ဖြစ်သည်။ အစိုးရနှင့် ပြည်သူနားလည်ကြည်ဖြူစွာဖြင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းသည်နှင့်အမျှ အောင်မြင်မှုပန်းတိုင် သည်လည်း အလျင်အမြန် နီးကပ်လာရစမြဲ ဖြစ်သည်။

တရားဝင် နိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော်တွင် တိုင်းရင်းသားများနှင့် တိုင်းရင်းသား ဒေသများ၏ အကျိုးအတွက် တရားဝင် ပြောနိုင်၊ ဆိုနိုင်၊ တောင်းဆိုနိုင်ရန် ကိုယ်စားပြု နိုင်ငံရေးပါတီများ လွှတ်တော်များသို့ ရောက်ရှိလာရေးအတွက် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲသွားရမည်ဖြစ်ရာ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း တရားဝင်နိုင်ငံရေးစင်မြင့်ပေါ်သို့ တက်လှမ်းကာ မိမိတို့ တိုင်းရင်းသားများ၏အကျိုး၊ မိမိတို့ ဒေသအကျိုးနှင့် ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးအတွက် အတူတကွဆောင်ရွက်နိုင်ရန် စိတ်ရောကိုယ်ပါ ကြိုးပမ်းကြစေလိုသည်။

“မိမိဒေသ၊ မိမိလူမျိုးကို တကယ်ကောင်းကျိုးဆောင်ဖို့ လိုလားတယ်ဆိုရင် ဆွေးနွေးပါ၊ တောင်းဆိုပါ၊ တရားဝင်နိုင်ငံရေး စင်မြင့်ကို တက်လှမ်းကြဖို့ ကျွန်တော်ပြောလိုပါတယ်၊ ဒါတွေ ဆောင်ရွက်ဖို့ ကျွန်တော်တို့ တံခါးကျယ်ကျယ်ဖွင့်ထားပါတယ်။ ရဲရဲသာ လျှောက်လှမ်းခဲ့ကြပါလို့ ကျွန်တော် ပြောလိုပါတယ်။” ဟူ၍လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဖိတ်ခေါ်လက်ကမ်းထားသည်။ ပြုပြင်ပြောင်းလဲမှုများဖြင့် နိုင်ငံတော်၏အကျိုး၊ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးအတွက် ပိုမိုကောင်းမွန်အောင် တည်ဆောက်ရာတွင် အဓိကအင်အားသည် ပြည်တွင်းအင်အား သာလျှင်ဖြစ်ရာ စုစည်းညီညွတ်စွာ ပေါင်းရုံး၍ အားလုံးပါဝင်နိုင် ကြပါစေကြောင်း။