နေပြည်တော် ဩဂုတ် ၁
အမျိုးသမီးများကို တရုတ်အမျိုးသားများထံ ရောင်းစား၍ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်နေ မဝင်းဝင်းအေး (ခ) မလိပ်မနှင့် မအေးမော်(ခ) အေးအေးမော်တို့က ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်နေ မ --- ၊ ၁၈နှစ်၊ မ --- ၊ ၁၇ နှစ်နှင့်မ --- ၊ ၁၆နှစ်တို့ကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းရှိနေအိမ်တွင် အိမ်ဖော်အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ငွေကျပ် ၁၅၀၀၀၀ ရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်နိုင်ငံ ရွှေလီမြို့ရှိ တရုတ်အမျိုးသားများထံ ရောင်းစားပြီး ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် ကဝမြို့မရဲစခန်း (ပ) ၈၇/၂၀၁၉ နှင့် (ပ) ၈၈/၂၀၁၉ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ တို့ဖြင့် အမှုရေးဖွင့်၍ ပဲခူးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံမဝင်းဝင်းအေး(ခ) မလိပ်မနှင့် မအေးမော်(ခ) အေးအေးမော်တို့ကို ဇူလိုင်၂၈ ရက်တွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ အရတစ်မှုချင်းစီအတွက် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ နှစ်မှုအတွက် နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်နေ ရွှေစင်(ခ)ရွှေစင်ဝင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နေ မောင်ထွန်းလင်း(ခ)မိုးမိုးတို့က ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်နေ မ --- ၊ ၃၉နှစ်၊ မ --- ၊ ၂၆ နှစ်နှင့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်နေ မ --- ၊ ၂၆ နှစ်တို့ကို တရုတ်ယောက်ျားယူပါက ငွေကျပ် ၂၅ သိန်းရမည်၊ ခြောက်လ၊ တစ်နှစ်ခန့် ပေါင်းသင်း၍ မြန်မာနိုင်ငံသို့ ပြန်လာ၍ရကြောင်း ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ရောင်းစားရန် စီစဉ်နေစဉ် ဖမ်းဆီးရမိသဖြင့် မူဆယ်မြို့မရဲစခန်း (ပ) ၂၈၉/၂၀၁၉ နှင့် (ပ) ၂၉၀/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂တို့ဖြင့် အမှုရေးဖွင့်၍ မူဆယ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ ရွှေစင်(ခ)ရွှေစင်ဝင်းနှင့် မောင်ထွန်းလင်း(ခ) မိုးမိုးတို့ကို ဇူလိုင် ၂၈ ရက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ တစ်မှုချင်းစီအတွက် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ နှစ်မှုအတွက် နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီးမ င်္ဂလာဒုံမြို့နယ်နေ မဇင်မာလွင် (ခ)မဇင်နှင့် ရှမ်းပြည်နယ် မူဆယ်မြို့နေ ကေဇင်ထူးလွင်(ခ) မအိန်ဂျယ်လ်(ခ)ကြယ်စင်တို့က ရှမ်းပြည်နယ် မူဆယ်မြို့နေ မ --- ၊ ၁၄ နှစ်နှင့် မ --- ၊ ၁၆ နှစ်တို့ကို အွန်လိုင်းပေါ်မှတစ်ဆင့် လောက်ကိုင်မြို့ရှိ ဂိမ်းဆိုင်တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ယွမ် တစ်သောင်းခန့်ရမည်ဟု ပြောဆိုစည်းရုံး၍ လောက်ကိုင်မြို့ရှိ ပြည့်တန်ဆာလုပ်ငန်းသို့ ပို့ဆောင်ကာ ငွေကြေးအကျိုးအမြတ်ခေါင်းပုံဖြတ်ရန် စီစဉ်ခဲ့သဖြင့် မူဆယ်မြို့မရဲစခန်း(ပ) ၂၂/၂၀၂၂၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)/ ၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မူဆယ်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇူလိုင် ၂၈ ရက်တွင် တရားခံ မဇင်မာလွင်(ခ) မဇင်၊ကေဇင်ထူးလွင် (ခ) မအိန်ဂျယ်လ်(ခ)ကြယ်စင် တို့ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် နေမမျိုးမျိုးသန်း (ခ) မျိုးမျိုးက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်နေ မ --- ၊ ၁၃ နှစ်ကို ၎င်းနေအိမ်တွင် ငါးမုန့်ရောင်းချသည့်အလုပ်အား လုပ်ကိုင်ပါကတစ်လလျှင် ငွေကျပ် ရှစ်သောင်းရမည်ဟုပြောဆိုစည်းရုံး၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်း (ပ) ၁၁၇၇/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့်အမှုရေးဖွင့်ပြီး အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇူလိုင် ၂၉ရက်တွင် တရားခံ မမျိုးမျိုးသန်း(ခ)မျိုးမျိုးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့သည်။
ထို့အတူ ရှမ်းပြည်နယ် လားရှိုးမြို့နေ မလုထွယ်(ခ)မာထွယ်က လိပ်စာတူနေ မ --- ၊ ၂၃ နှစ်ကို တရုတ်နိုင်ငံတွင် ကလေးထိန်း အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ငွေကျပ် တစ်သိန်းရမည်ဟု ပြောဆို စည်းရုံး၍ တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ထုန်ရှန်းမြို့ရှိ တရုတ်ယောက်ျားထံရောင်းစား၍ ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် လားရှိုးမြို့မရဲစခန်း (ပ)၆/ ၂၀၂၁၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး လားရှိုးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇူလိုင် ၂၉ ရက်တွင် တရားခံ မလုထွယ်(ခ)မာထွယ်ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၂နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်