နေပြည်တော် ဩဂုတ် ၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများစွမ်းဆောင်မှုအရည်အသွေး တိုးတက်မြင့်မားစေရေး မွမ်းမံသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့တက်ရောက်လာကြသည့် သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချချက်များ အပြန်အလှန်ဆွေးနွေးခြင်းမှ ရရှိသည့်အသိများ၊ သင်တန်းသားအချင်းချင်း ဖလှယ်၍ရသည့် အတွေ့အကြုံများအရ လုပ်ငန်းတာဝန်များကို တက်ကြွစွာဆောင်ရွက်ကြပြီးဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို စိတ်ကောင်းစေတနာကောင်းအပြည့်ဖြင့် ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းများဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်းနှင့် လျှပ်စစ်အင်ဂျင်နီယာကောင်းများ ရုံးလုပ်ငန်းဆိုင်ရာ ဝန်ထမ်းကောင်းများအဖြစ် ဌာနအကျိုး၊ အများပြည်သူအကျိုးကို စွမ်းစွမ်းတမံ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှု/ လျှပ်စစ်အင်ဂျင်နီယာများအတွက် ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၄)နှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၄)သင်တန်းများ၌ သင်တန်းသား၂၅ ဦးစီကို စာတွေ့/လက်တွေ့ဖြင့် ရက်သတ္တငါးပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ရုံးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု မွမ်းမံသင်တန်းအမှတ်စဉ်(၃)၌ သင်တန်းသား ၅၀ ကို စာတွေ့/လက်တွေ့ဖြင့် ရက်သတ္တရှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်