နေပြည်တော် သြဂုတ် ၁
မန္တလေးတိုင်းဒေသကြီးအတွင်း အကျိုးတူကန်ထရိုက်လယ်ယာစနစ် ပိုမိုဖွံ့ဖြိုးလာရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဆွေးနွေးပြောကြား
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောင်းလဲလာသောရာသီဥတု နှင့်လိုက်လျောညီထွေပြီး ရေလိုအပ်ချက်နည်းသည့် တန်ဖိုးမြင့်သီးနှံများ ပြောင်းလဲစိုက်ပျိုးရေးနှင့် အထူးသဖြင့် နိုင်ငံတကာတွင် လိုအပ်ချက်ရှိနေသော စားသုံးဆီ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဘက်စုံကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ အထွက်နှုန်းကောင်း စပ်မျိုးများနှင့် မျိုးချန်မျိုးထား စိုက်ပျိုးနိုင်သည့်မျိုးကောင်းမျိုးသန့်များ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ဌာန၊ ပုဂ္ဂလိကနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ အကျိုးတူကန်ထရိုက် လယ်ယာစနစ်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်သူများအကြား အပြန်အလှန် နားလည်ယုံကြည်မှုနှင့် အကျိုးစီးပွားမျှဝေခံစားနိုင်ရေး ရည်ရွယ်ချက်ကောင်းများ ထားရှိဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက်အစည်းအဝေး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များနှင့် တောင်သူများက သက်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ် ရှိသရက်ကုန်းငါးလုပ်ငန်းစခန်းသို့ ရောက်ရှိကြပြီး သဘာဝနည်းဖြင့် ငါးသားပေါက်ရရှိရေး ဆောင်ရွက်နေမှု၊ ဆေးထိုးသားဖောက်နည်းဖြင့် ထုတ်လုပ်နေမှု၊ ငါးမွေးတောင်သူများကို ငါးသားပေါက်များလုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု၊ နှစ်စဉ် ဆောင်ရွက်လျက်ရှိသော ငါးမျိုးများ စိုက်ထည့်ပေးခြင်းလုပ်ငန်းများအတွက် ငါးသားပေါက် ထုတ်လုပ်ပေးနေမှုများ၊ ငါးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ငါးထုတ်လုပ်မှုဖွံ့ဖြိုးရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်