နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
97 Media မှ သတင်းထောက်ချုပ်နန္ဒလင်း(ထားဝယ်) က နိုင်ငံပေါင်း ၄၇ နိုင်ငံက ကမ္ဘာလှည့်ခရီးသည်များသည် နိုင်ငံတကာလေကြောင်းလိုင်း ၁၁ ခုမှ ဝင်ရောက်လာလျက်ရှိကြောင်းကို သိရှိရပါကြောင်း၊ မကြာမီကာလတွင် ရောက်ရှိမည့် ပွင့်လင်းကာလ ခရီးသွားရာသီတွင် လာရောက်ကြမည့် ကမ္ဘာလှည့်ခရီးသည်များအတွက် မည်သို့ပြင်ဆင်ဆောင်ရွက်ထားသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက လေကြောင်းကဏ္ဍအနေဖြင့် လေကြောင်းခရီးသွားလာမှု ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လုံခြုံရေးအဆင်ပြေချောမွေ့ရေးအတွက် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်က ချမှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ လေကြောင်းကဏ္ဍအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ရုရှားနိုင်ငံနှင့် ဆွေးနွေးခဲ့ရာတွင် ခရီးသွားလာမှု မြှင့်တင်ရေးအစီအစဉ်များပါကြောင်း၊ တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းရန်အတွက် ဆွေးနွေးခဲ့မှုများရှိကြောင်း၊ ထို့ပြင် အခြားနိုင်ငံများနှင့်လည်း ဆွေးနွေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်ပြီး တချို့နိုင်ငံများတွင် စဖြစ်နေသည့် အနေအထားရှိကြောင်း၊ ယင်းတို့ကိုလည်း ကြည့်ရမည်ဖြစ်ကြောင်း၊ ပွင့်လင်းရာသီ ကာလ ပြည်ပခရီးသည်များ ပြင်ဆင်ဆောင်ရွက်မှုအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနများအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြားချိတ်ဆက်ရမည့် နေရာများနှင့်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် အခက်အခဲ တချို့ရှိကြောင်း၊ ယင်းမှာ နှောင့်ယှက်မှုဖြစ်ကြောင်း၊ လုပ်ကြံမီဒီယာ တချို့နှင့်တချို့သော မြန်မာ့အကျိုး မလိုလားသည့်သူများက ခရီးသွားလာရန် အန္တရာယ်အများဆုံးနိုင်ငံများထဲတွင် ပါဝင်နေသည်ဟု မည်သည့်အထောက်အထားမျှမရှိဘဲ ၎င်းတို့လုပ်ကြံကြောင်း၊ သို့သော် သတင်းထောက်ကြီးတို့ မြင်သည့်အတိုင်း တချို့သောကမ္ဘာလှည့်ခရီးသွားများ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယင်းအနှောင့်အယှက်မျိုးကို တွေ့နိုင်ကြောင်း၊ မိမိတို့ကျော်လွှားနိုင်ရန်အတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
နေပြည်တော်တိုင်း အွန်လိုင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဦးမင်းမောင်က ICJ နှင့် ပတ်သက်ပြီး နိုင်ငံတကာခုံရုံးတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုအပေါ် မြန်မာနိုင်ငံကိုယ်စားလှယ်များ၏ တင်ပြလျှောက်လဲချက်ကို ပယ်ချခံရသည်ဟု ကြားသိရပါကြောင်း၊ ထိုကိစ္စသည် နိုင်ငံတော်နှင့် ပြည်သူအပေါ် မည်သည့်ဆိုးကျိုးများ ကျရောက်နိုင်သည်၊ ဆိုးကျိုးများ မကျရောက်အောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် မည်ကဲ့သို့ စီမံဆောင်ရွက်မှုများရှိသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုးကျိုးက ပိုက်ဆံကုန်ပါကြောင်း၊ နိုင်ငံတကာတရားရုံးများတွင် ပြည်တွင်းဥပဒေကဲ့သို့ ပုဒ်မမရှိပါကြောင်း၊ တိကျသည့်ပြဋ္ဌာန်းချက်များမရှိပါကြောင်း၊ ယင်းတို့အခြေပြု ရသည်မှာ ယခင်စီရင်ထုံးများကို အခြေပြုကြောင်း၊ ပညာရှင်များ၏ အဆိုအမိန့်များကို အခြေပြုကြောင်း၊ ဥပဒေပညာရှင်များ၏ စာအုပ်များကို အခြေပြုရခြင်းဖြစ်ကြောင်း၊ အဘယ်ကြောင့် မည်သို့အရေးယူသည်ဟု မရှိပါကြောင်း၊ နောက်ပိုင်းတွင် ချဲ့ထွင်မှု ရှိကောင်းရှိနိုင်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဂမ်ဘီယာနိုင်ငံက နိုင်ငံချင်းတရားစွဲခြင်းဖြစ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံက တရားစွဲရာတွင် မိမိတို့အနေဖြင့် အချက်(၄)ချက်ဖြင့် တရားစွဲခွင့်မရှိဟု ပြောခဲ့ပါကြောင်း၊ အနှစ်ချုပ်ဆိုရလျှင် မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံသည် အလှမ်းဝေးသည့် နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့်အကြောင်းအရာသည် ဂမ်ဘီယာနိုင်ငံအပေါ် မည်သို့မျှ အကျိုးမသက်ရောက်ပါကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့် နစ်နာသွားခြင်းမရှိခြင်းကြောင့် တရားစွဲဆိုပိုင်ခွင့်မရှိဟု ပြောခဲ့ပါကြောင်း၊ ယင်းတို့ကရှိသည်ဟု လုပ်ပါကြောင်း၊ ထို့ကြောင့် ယင်းကစီရင်ထုံးတစ်ခုဖြစ်သွားပြီဟုဆိုလျှင်၊ စီရင်ထုံးသည် တစ်ကမ္ဘာလုံးအပေါ်သက်ရောက်ပါကြောင်း၊ ဥပမာ မိမိပြောလိုကြောင်း၊ အမေရိကန်ကို ယခင်က တရားစွဲ၍မရဟုပြောကြကြောင်း၊ အမေရိကန်က အီရတ်ကိုတိုက်ခိုက်သည့် ကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံက တရားစွဲမည်ဆိုပါက မဖြစ်နိုင်ဘူးလား၊ ထိုအရာသည် စီရင်ထုံးဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် နားလည်လွယ်အောင် ပြောခြင်းဖြစ်ကြောင်း။
မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုသည် တရားရင်ဆိုင်ရမည်၊ ပိုက်ဆံကုန်မည်၊ မလိုလားအပ်သည့် ဂုဏ်သိက္ခာပိုင်း၊ ရပ်တည်မှု ပိုင်းဆိုင်ရာများ ထိခိုက်လာနိုင်ကြောင်း၊ ယခုအစိုးရ လက်ထက်သာမက အစိုးရအဆက်ဆက် ဆက်လုပ်သွားရမည်ဖြစ်ကြောင်း၊ အကျိုးဆက်များမည်သည်က စသည်ဆိုလျှင် မှားယွင်းပြီး အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်း၊ မှားယွင်းစွာဖြင့် မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို နိုင်ငံတကာအရေးပုံစံဖြစ်အောင် ချဲ့ထွင်ပေးလိုက်ခြင်းက စသည်ဟု မိမိမြင်ပါကြောင်း၊ ထို့ကြောင့် တရားစီရင်ရေးကို မိမိတို့မျှော်လင့်သည်က ဥပမာဆိုရလျှင် ကုလသမဂ္ဂတွင် ပင်မအဖွဲ့အစည်း ၆ ခု ရှိပါကြောင်း၊ ICJ သည် တရားစီရင်ရေးအဖွဲ့၊ ICJ အပါအဝင်ဖြစ်ပါကြောင်း၊ နိုင်ငံတကာက ရိုသေလေးစားရသည့်အဖွဲ့ဖြစ်ကြောင်း၊ ကျန်သည့်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အထွေထွေညီလာခံတွင် မြန်မာကိုယ်စားလှယ် တက်ခွင့်မရပါကြောင်း၊ ကျန်သည့် အဖွဲ့အစည်းများသည် အသိအမှတ်ပြုသလိုလို၊ မပြုသလိုလို အဖွဲ့အစည်းများလည်းရှိပါကြောင်း၊ တရားစွဲမည့်ကိစ္စကို အကုန်လုံးက အသိအမှတ်ပြုပါကြောင်း၊ သို့သော် မြန်မာနိုင်ငံအစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့်လုပ်ပါကြောင်း၊ ကုလသမဂ္ဂ၏ တရားစီရင်ရေးဆိုင်ရာ တရားဝင်အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ နိုင်ငံတကာဥပဒေကို အဓိကမဏ္ဍိုင်အဖြစ် ကျင့်သုံးနေသည့်အဖွဲ့အစည်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာဥပဒေကို အဓိကမဏ္ဍိုင်အဖြစ်ကျင့်သုံးနေသည့် အဖွဲ့အစည်းကြီးသည် နောင်တွင်လည်း နိုင်ငံတကာဥပဒေရေးရာ ပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာဥပဒေရေးရာစီရင်ထုံးများ၊ နိုင်ငံတကာ ဥပဒေသက်သေ သာဓကများနှင့်အညီ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ မိမိတို့အနေဖြင့်လိုအပ်သည့် ကိစ္စများကို အဖွဲ့အစည်းများ ဖွဲ့စည်းပြီး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
နေပြည်တော် အွန်လိုင်းသတင်းအေဂျင်စီမှ လက်ထောက်အယ်ဒီတာ ဦးဝင်းနိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် အခြေခံလူတန်းစားခရီးသွား မိဘပြည်သူများ၏ ခရီးသွားလာမှုများနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေစေရန် သာစည်-ရွှေညောင်- ရပ်စောက်တောင်ပေါ် မီးရထားခရီးစဉ်နှင့် မြင်းခြံ-သာစည် မြေပြန့်ဒေသ မီးရထားခရီးစဉ်များကို ယခင်ကဲ့သို့ မီးရထားအစင်းရေဖြင့် ပုံမှန်ပြေးဆွဲနိုင်ရန် အစီအစဉ် ရှိ မရှိနှင့် ရှိပါကမည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်ကို သိလိုပါကြောင်း၊ ယခင်က ကားရထား၊ RBE ရထားများကိုသာ အားကိုးအားထားပြုပြီး ကူးသန်းရောင်းဝယ်နေကြသော ခရီးသွားမိဘပြည်သူများအတွက် အဆိုပါရထားများ ပြေးဆွဲမှု ရပ်ဆိုင်းထားသောကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ ယင်းအခက်အခဲများ အဆင်ပြေစေရန် ယခင်ကဲ့သို့ ပြန်လည်ပြေးဆွဲပေးနိုင်စေရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမည်ကိုသိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကိစ္စများဖြစ်ပေါ်လာသည့်အကြောင်းမှာ လုံခြုံရေးကိစ္စကြောင့်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် မီးရထားတစ်စင်းအား လုံခြုံရေးမပါရှိဘဲ ပြေးဆွဲ၍မရကြောင်း၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းမှာပင် မိုင်းထောင်ခြင်း၊ ကွန်ကရစ်တုံးများကန့်လန့်ခံခြင်း၊ သစ်ပင်ကြီးများ ကန့်လန့်ချထားခြင်း၊ တံတားအဆက်များနှင့် မူလီဖြုတ်ခြင်းများကို အကြမ်းဖက်သမားများက ပြုလုပ်ခဲ့ကြပြီး အစိုးရအနေဖြင့် ပြန်လည်ပြင်ဆင်ဖယ်ရှားမှုများ များစွာပြုလုပ်ခဲ့ရကြောင်း၊ ရန်ကုန်မြို့ပတ်ရထားပေါ်တွင်လည်း ရထားလုံခြုံရေးရဲများကို အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြကြောင်း၊ RBE ရထားပြေးဆွဲမှုတွင် ရထားလမ်းပိုင်းအနေဖြင့် စိတ်ချရသော်လည်း ရထားပေါ်တွင် မိုင်းထောင်ဖောက်ခွဲခြင်းများပြုလုပ်မည်ကို စိုးရိမ်ကြောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့်လည်း ယခင်ထက်ပို၍ ဆောင်ရွက်နေကြောင်း၊ လုံခြုံရေးအပိုင်းကို ထပ်မံတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း မိမိတို့နိုင်ငံတွင် ပြည်သူ့ပို့ဆောင်ရေးစနစ် ပိုမိုထွန်းကားလာစေရန် အမြဲတစေဂရုတစိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ချင့်ချိန်နေသည်မှာ လုံခြုံရေးအပိုင်းသာဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မေးခွန်းမေးခြင်းမပြုမီ နိုင်ငံတော်အတွင်း အမှုအခင်းကိစ္စရပ်များကို ဆုံးဖြတ်ရာတွင် အောက်ခြေမှ ဆုံးဖြတ်ချက်တချို့သည် တရားမျှတမှုမရှိဟု ယုံကြည်ရသည့်အတွက် နိုင်ငံတော်အကြီးအကဲသို့မဟုတ် နိုင်ငံတော်သမ္မတ အထိတင်ပြ၍ အကူအညီတောင်းခံတိုင်ကြားခြင်းများ ရှိခဲ့ကြောင်း၊ ထိုကဲ့သို့ တိုင်ကြားမှုများရရှိပါက နိုင်ငံတော်အကြီးအကဲ သို့မဟုတ် နိုင်ငံတော်သမ္မတက အဆိုပါဖြစ်စဉ်များသည် အဂတိလိုက်စားမှု ရှိ မရှိ၊ ဥပဒေစိုးမိုးမှုကို ထိခိုက်မှုရှိမရှိ စုံစမ်းစစ်ဆေးခိုင်းပြီး အမှုကိစ္စရပ်များအတွက် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း၊ သို့သော်လည်း တချို့သော အငြင်းပွားမှုကိစ္စရပ်များတွင် နိုင်ငံတော်အကြီးအကဲ သို့မဟုတ် နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့သော်လည်း အောက်ခြေဌာနအဖွဲ့အစည်း တချို့သည်လိုက်ပါလုပ်ဆောင်ခြင်းမပြုဘဲ ၎င်းတို့ဆုံးဖြတ်ချက်ဖြင့် သီးခြားအမိန့်များ ထုတ်ပြန်၍ ဆုံးဖြတ်လုပ်ဆောင်မှုများကြောင့် ပြည်သူများသည် နိုင်ငံတော်အကြီးအကဲ သို့မဟုတ် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ညွှန်ကြားချက်ကို လက်ခံရမည်လား သို့မဟုတ် အောက်ခြေဌာနအဖွဲ့အစည်းတချို့က ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်ကို လက်ခံရမည်လား မဝေခွဲနိုင်၊ မသိနိုင်ဖြစ်နေကြောင်း၊ အထက်ပါကဲ့သို့ အမိန့်ညွှန်ကြားချက်များကြောင့် တချို့သော ပြဿနာရပ်များတွင် ပြည်သူအချင်းချင်းမကျေမနပ် ဖြစ်လာပြီး ဥပဒေစိုးမိုးမှုကို ထိခိုက်နိုင်သည့် ဖြေရှင်းမှုများအထိ ဖြစ်လာနိုင်ကြောင်း၊ နိုင်ငံတော်အကြီးအကဲသို့မဟုတ် နိုင်ငံတော်သမ္မတရုံးက မည်သည့်အမှုကိစ္စရပ်အတွက် မည်သို့လုပ်ရန်ဟု ဆိုသည့်ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ညွှန်ကြားချက်ထုတ်ပြန်ပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများ၊ ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ ရပ်ကွက်/ ကျေးရွာများတွင် ဖွဲ့စည်းပေးထားသည့် ကော်မတီ/ကော်မရှင်များအနေဖြင့် နိုင်ငံတော်အကြီးအကဲ သို့မဟုတ် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ညွှန်ကြားချက်များကို ကျော်လွန်ပြီး မိမိသဘောဖြင့် သီးခြားအမိန့်ထုတ်ပြန်လုပ်ဆောင်ခြင်းများ၊ ဆုံးဖြတ်ခြင်းများ လုပ်ဆောင်၍ ရ/မရနှင့် ထိုဆုံးဖြတ်ချက်များသည် တရားဝင် ဖြစ်/ မဖြစ်ဆိုသည်ကို သိရှိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထောက်ကြီး၏ မေးခွန်းတွင် မှားယွင်းနေသည့် အပိုင်းရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ မည်သည့်အမှုတွင် မည်သို့လုပ်ရန်ဆိုသည့်အချက်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အမိန့်ထုတ်ပြန်ခြင်းမျိုး တစ်ကြိမ်မျှမရှိကြောင်း၊ မိမိတို့သည် ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းမျိုးသာရှိကြောင်း၊ မိမိတို့ အစိုးရသည် ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီဥပဒေအတိုင်းသာသွားကြောင်း၊ လိုက်နာကြောင်း၊ ဥပဒေကိုကျော်လွန်ပြီး မည်သည့်အမှုကို မည်သို့လုပ်ရန် အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်သည့် ထုံးစံမရှိကြောင်း၊ မည်သည့်အခါမျှလုပ်ဆောင်ခြင်းမျိုးလည်း မရှိကြောင်း၊ အစိုးရဌာနဆိုင်ရာတိုင်းတွင် သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များရှိပြီးဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ခြင်းမရှိပါက အဆင့်ဆင့်တိုင်ကြားနိုင်ကြောင်း၊ နိုင်ငံသားတစ်ဦး နစ်နာမှုရှိပါက နိုင်ငံသားများ၏ အခြေခံရပိုင်ခွင့်နှင့် တာဝန်များအခန်းတွင် အခြေခံဥပဒေကို ဖော်ပြထားကြောင်း၊ နိုင်ငံသားတိုင်းသည် မိမိနစ်နာမှုအား တရားရုံးသို့ ဦးတိုက်လျှောက်ထားနိုင်ကြောင်း၊ စာချွန်တော်များ လျှောက်ထားနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် လယ်/စီ ဗဟိုဥက္ကဋ္ဌကိုယ်စား ဗိုလ်ချုပ်အောင်စိုးက တာချီလိတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရသောကိစ္စကို လယ်/စီဗဟိုသို့ တင်ပြခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည်ကို မိမိထံသို့ ပြောကြားလာခြင်းရှိကြောင်းနှင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ လက်ရှိအခြေအနေကိုသိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၁၇ ခုနှစ်က ကိစ္စဖြစ်သော်လည်း လက်ခံပေး၍ရကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဆက်သွယ်ပေးမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်ညီ/မညီကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
Voice of Myanmar သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက နိုင်ငံလုံခြုံရေးကို အလုံးစုံတာဝန်ယူထားသည့် တပ်မတော်အာဏာယူထားချိန်တွင် ပြည်သူလူထု၏ အသက်များသည် တန်ဖိုးမဲ့သတ်ဖြတ်ခြင်းကိုခံနေရကြောင်း၊ လုံခြုံရေးအစီအမံများရှိပါက အသေးစိတ်သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက လုံခြုံရေးအစီအမံကို အသေးစိတ်ပြောပြခြင်းမျိုး ထုံးစံမရှိကြောင်း၊ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့စစ်ဖွဲ့စည်းခြင်းများနှင့် ပတ်သက်၍လည်း ပြောကြားပြီးဖြစ်ကြောင်း၊ နေရာအချို့၌ လုပ်ကြံသတ်ဖြတ်မှုများဖြစ်နေသည်ကိုလည်း မိမိတို့သိရှိပါကြောင်း၊ မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ခဲယမ်းဖော်ထုတ်ဖမ်းဆီးရမှုများ နေ့စဉ်ရှိနေကြောင်း၊ ယခုနောက်ပိုင်းတွင် အကြမ်းဖက်လှုပ်ရှားမှုဖြစ်စဉ်များ ပို၍များလာကြောင်း၊ လက်နက်/ခဲယမ်းဖမ်းဆီးရမှုများလည်း ပို၍များလာကြောင်း၊ ဆန့်ကျင်ဘက် လှုပ်ရှားနေသူများသည်လည်း ယခုအချိန်တွင် လက်နက်ခဲယမ်းများ ပိုမိုတင်သွင်းလာသည်ကို တွေ့ရကြောင်း ပြန်လည်ဖြေကြားသည်။
လူထုရင်ဖွင့်သံဂျာနယ်မှ အယ်ဒီတာ ဒေါ်ခိုင်စံပယ်ဦးက နိုင်ငံတော်အဆင့်လူကြီးများက လက်ရှိအခြေအနေသည် အာဏာသိမ်းခြင်းမျိုး မဟုတ်ဘဲ လိုအပ်၍ ခေတ္တအာဏာထိန်းထားခြင်းသာဖြစ်ပြီး ဆောင်ရွက်မှုများကို တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ သို့သော်လည်း အောက်ခြေရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဆင့်များတွင် စစ်အုပ်ချုပ်ရေးဟူ၍ လုပ်ထုံးလုပ်နည်းနှင့် မညီဘဲ အာဏာပြဆောင်ရွက်မှု များစွာတွေ့ရကြောင်း၊ ယင်းဖြစ်စဉ်များကို မည်ကဲ့သို့ ထိန်းချုပ်ဆောင်ရွက်မည်ကို သိလိုပါကြောင်း၊ အသေးစိတ် ဖြစ်စဉ်များကို သိလိုပါက အထောက်အထားပြည့်စုံစွာ တင်ပြပေးမည်ဖြစ်ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက အထောက်အထားများကိုသာ ပြည့်စုံစွာ ပေးခဲ့စေလိုကြောင်း၊ စစ်ဆေးပြီးမှသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
နေပြည်တော်ဟစ်တိုင်သတင်းဌာနမှ CEO ဦးသက်နိုင်ထွန်းက တိုင်းရင်းသား အခြေခံကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် မေးခွန်းကို မေးမြန်းသွားမည်ဖြစ်ပြီး မိမိတို့နိုင်ငံတွင် တိုင်းရင်းသား ၁၃၅ မျိုးနေထိုင်ကြပြီးမိမိတို့ သတင်းဌာနအနေဖြင့် ပြည်သူများ၏ အခက်အခဲများကိုသိရှိစေရန် ကျေးလက်ဒေသများသို့ နယ်လှည့်ကွင်းဆင်း၍ သတင်းစုံစမ်းစိစစ်ရာ ယနေ့ခေတ်အခြေအနေ အချိန်အခါအရဒေါ်လာ၊ ထိုင်းဘတ်တန်ဖိုးများ တက်နေသည်ကို အယောင်ပြ၍ အခြေခံလူတန်းစားအများစုနေထိုင်ကြသည့် တိုင်းရင်းသား ကျေးလက်ဒေသများတွင် ပြည်တွင်းထွက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများ နေ့စဉ်နှင့်အမျှ မြင့်တက်လာနေကြောင်း၊ အထူးသဖြင့် ကျေးလက်ဒေသ ကျန်းမာရေးဌာနများကို လက်လုပ်လက်စား ပြည်သူများအနေဖြင့် အားကိုးအားထားပြုလျက်ရှိကြောင်း၊ ကျေးလက်တောသူတောင်သား လက်လုပ်လက်စား အခြေခံလူတန်းစားများသည် ယခုကဲ့သို့ ဆေးဝါးအခက်အခဲများ ကြုံနေရသည့်အချိန်များတွင် အစာလည်းဆေး၊ ဆေးလည်းအစာဆိုသည့်အတိုင်း အစာအာဟာရပြည့်စုံစေရန် ကုန်ဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် အစာအာဟာရပြည့်ဝစွာ စားသောက်နိုင်မည်ဟု မထင်မိပါကြောင်း၊ ကျေးလက်ဒေသများတွင် ဆေးဝါးနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် များစွာပံ့ပိုးပေးလျက်ရှိကြောင်း၊ ပရဟိတအဖွဲ့များကလည်းများစွာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးလက်ဒေသများတွင် ပါရာစီ တမောတစ်လုံး ၁၅၀ ကျပ်ပေးရသည်များလည်းရှိကြောင်း၊ ထို့ကြောင့် ယင်းဒေသများ၏ ကုန်ဈေးနှုန်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ဆေးဝါးများ လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားရှိကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက အခြေခံစားကုန်များအဖြစ် မိမိတို့ သတ်မှတ်ထားသည့် ဆန်၊ ဆီ၊ ဆား အစရှိသည့် စားသောက်ကုန် ၁၄ မျိုး၏ ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပတ်သက်၍ အစိုးရအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ဈေးနှုန်းနှင့် ထိန်းညှိဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ပမှတင်သွင်းသည့် ဆီဈေးနှုန်းမှာမူ ၎င်း၏ပေါက်ဈေး အတိုင်းသာဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းကိုမူ ထိန်းညှိဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆန်ဆိုလျှင် ပြည်ပတင်ပို့မှုများရှိသကဲ့သို့ ပြည်တွင်း၌ အရန်ထားရှိရသည်များလည်းရှိကြောင်း၊ ထိုကုန်ပစ္စည်းများ၏ ဈေးနှုန်းကို ထိန်းညှိဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်လျှင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျေးလက်ကျန်းမာရေးဦးစီးဌာနကဲ့သို့သော ဌာနများဖြင့် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိမိတို့တပ်မတော်အနေဖြင့်လည်း နယ်လှည့်ဆေးကုသပေးမှု ကဲ့သို့သော ဆောင်ရွက်ချက်များဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တချို့သော ဆေးဝါးများနှင့်ပတ်သက်၍ ကောလာဟလများ ဖြစ်ပေါ်လျက်ရှိသည်ကိုလည်း တွေ့ရကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် အခြေခံကျသည့် ဆေးဝါးများကို ထုတ်လုပ်နိုင်သည့် စက်ရုံများရှိပြီး အဆိုပါစက်ရုံများမှလည်း ဆေးဝါးများ ထုတ်လုပ်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအတွင်းမှ ထုတ်လုပ်သည့် ဆေးဝါးများကို ယခင် BPI ဆေးဝါးများ၏ အရည်အသွေးကိုမီအောင် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် အနည်းငယ်ကြီးမြင့်နိုင်ကြောင်း၊ ပါရာစီတမောနှင့် ဘာမီတွန်ကဲ့သို့သော ဆေးဝါးများနှင့် အခြားနိုင်ငံများမှ တင်သွင်းလာသည့် ဆေးဝါးများရှိကြောင်း၊ တချို့သော ဆေးဝါးများမှာ အရေအတွက်များများ ရနိုင်မည်ဖြစ်သော်လည်း အရည်အသွေးမှာ ပြည့်မီခြင်းမရှိကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်၍လည်းစိစစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်ဒေသကျန်းမာရေး ကိစ္စများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုများကို ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားပေးစေလိုကြောင်း ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာ နေထိုင်နိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးဟုဆိုသည့် ရည်မှန်းချက်နှစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေး အသိပညာမြှင့်တင်ပေးခြင်းနှင့် ကျန်းမာရေးနှင့် ပတ်သက်သည့် Health Service ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ပေးရာတွင် ကျေးလက်ဒေသဖြစ်ပါက ကျေးလက်ကျန်းမာရေးဌာနခွဲများ၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် တိုက်နယ်ဆေးရုံများ စသည်ဖြင့် အဆင့်ဆင့်ကို Catchment ဧရိယာအလိုက် ဖွဲ့စည်းထားကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် အထူးသဖြင့် TB၊ HIV နှင့် ငှက်ဖျားစသည့် ရောဂါများနှင့်ပတ်သက်သည့် ဆေးဝါးများကိုလည်း လာရောက်ပြသသည့် လူနာများကို အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း၊ ထို့အပြင် သွေးတိုး၊ နှလုံး၊ ဆီးချိုနှင့်ပတ်သက်လျှင်လည်း NCD Clinic များ ဖွင့်လှစ်၍ လာရောက်ပြသသည့် လူနာများကို ရောဂါနှင့်ပတ်သက်၍ စစ်ဆေးပေးသည့်အပြင် ဆေးဝါးများကိုလည်း အခမဲ့ထုတ်ပေးလျက်ရှိကြောင်း၊ ပြည်သူ့ဆေးရုံများတွင်လည်း ဆေးဝါးများကို တတ်နိုင်သမျှအခမဲ့ ထုတ်ပေးလျက်ရှိကြောင်း။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလတွင်လည်း ဆေးဝါးအများအပြား ထောက်ပံ့ပေးခဲ့ကြောင်း၊ ယခုလတ်တလောတွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းအနည်းငယ် မြင့်တက်နေကြောင်း၊ ဆေးဝါးများ၏ ဈေးနှုန်းနှင့်ပတ်သက်လျှင် မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းရှိကြောင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းများကို ၎င်းတို့က တင်သွင်းခြင်းဖြစ်ကြောင်း၊ လုပ်ငန်းလိုင်စင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယူရကြောင်း၊ မိမိအနေဖြင့် တင်ပြလိုသည်မှာ လုပ်ငန်းရှင်ကြီးများအနေဖြင့် တစ်ဖက်မှ ပြည်သူလူထု၏ အကျိုးကိုရှေးရှု၍ အတ္တနှင့်ပရ မျှမျှတတစဉ်းစား၍ ဆေးဝါးနှင့်ပတ်သက်၍ ကြိုတင်၍ ဈေးတက်ခြင်းမျိုးမဟုတ်ဘဲ မိမိဝယ်ယူထားသည့် ဆေးဝါးများနှင့် ရောင်းချသည့် ဈေးနှုန်းကို ပြည်သူလူထုအား မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်အတွက် တိုက်တွန်း ပြောကြားလျက်ရှိကြောင်း ဖြည့်စွက်ဖြေကြားသည်။
နေပြည်တော်ဟစ်တိုင်အွန်လိုင်းသတင်းစုံမှ CEO ဦးသက်နိုင်ထွန်း က ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ယခုပြန်လည်ဖြေကြားခဲ့သကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမည်ဆိုပါက ပြည်သူလူထုအများစုဖြစ်သည့် အခြေခံလူတန်းစားများအနေဖြင့် အတော်အဆင်ပြေမည်ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ကျေးလက်ကျန်းမာရေးဌာနများ၌ ဂလူးကိုစ့်မှအစ ပြည်သူလူထုက ဝယ်ယူသုံးစွဲနေရကြောင်း၊ အထူးသဖြင့် တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်တွင်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူများ သိရှိနိုင်ရန်အတွက် မိမိအနေဖြင့်ယခုသတင်းစာ ရှင်းလင်းပွဲမှ အသိပေးပြောကြားလိုကြောင်း ပြောကြားသည်။
ခေတ်ပုံရိပ်သတင်းဂျာနယ်မှ သတင်းထောက်ဦးဝင်းနိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့ဝန်ထမ်း၊ အမြဲတမ်းဝန်ထမ်းများကို အိမ်ထောင်သည်များ ဖြစ်ပါက မူရင်းလစာ၏ ၈ရာခိုင်နှုန်း၊ လူပျို၊အပျိုများဖြစ်ပါက ၄ ရာခိုင်နှုန်းကို အိမ်ငှားစရိတ်အဖြစ် ထောက်ပံ့ပေးသွားမည့်ကိစ္စကို အထူးအားရဝမ်းသာ ဖြစ်ကြရကြောင်း၊ သို့သော် နိုင်ငံ့ဝန်ထမ်းများမဟုတ်ဘဲ ပုဂ္ဂလိကဝန်ထမ်းများဖြစ်ကြသည့် ကုမ္ပဏီဝန်ထမ်းများ၊ အထည်ချုပ်စက်ရုံအလုပ်သမားများ၊ ပင်စင်စားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တစ်နည်းတစ်ဖုံ ထောက်ပံ့ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုလတ်တလောတွင် နိုင်ငံ့ဝန်ထမ်း၊ အမြဲတမ်းဝန်ထမ်းများအတွက် အိမ်ငှားစရိတ်ထောက်ပံ့ပေးခြင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်စရိတ် ၁၀၀၀၀ ကျပ်စီ ထောက်ပံ့ပေးခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ပေးမှုများအဖြစ် ယခင်ကလည်း ဝတ်စုံစရိတ်များ ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ပညာရေး ဝန်ထမ်းများအတွက် ပညာရှင်ဘွဲ့ချီးမြှင့်ငွေများအပါအဝင် ထောက်ပံ့ပေးမှု ၂၇ မျိုးကို မိမိတို့အစိုးရလက်ထက်တွင် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ စက်ရုံအလုပ်သမားများနှင့် ကုမ္ပဏီဝန်ထမ်းများမှာ အလုပ်သမားဝန်ကြီး ဌာနနှင့် ပို၍သက်ဆိုင်ကြောင်း၊ ယင်းကိစ္စတွင်လည်း အမြဲတမ်းချိန်ထိုးရခြင်းရှိကြောင်း၊ ထိုစက်ရုံအလုပ်သမားများအတွက် အလုပ်ရှင်များနှင့် သီးခြားဆွေးနွေးပြီးမှသာ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်မှာ ကဲ့သို့ရှိသည့်ဘတ်ဂျက်ဖြင့် ပေးနိုင်သည့်ပမာဏကို ချိန်ထိုး၍မရကြောင်း၊ အလုပ်သမားများက ပိုပြီးတောင်းဆိုမည် ဖြစ်သကဲ့သို့ အလုပ်ရှင်ဘက်ကလည်း ၎င်း၏ အခက်အခဲများ ရှိနိုင်ကြောင်း၊ ထိုအခြေအနေများကိုချိန်ဆ၍ နှစ်စဉ်ပြောင်းလဲရသည့် ကိစ္စများရှိပါကြောင်း၊ နှစ်စဉ်ဆွေးနွေးရသည့် ကိစ္စများလည်းရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပြီးမှသာ သတင်းထောက်ကြီး မေးမြန်းသည့်ကိစ္စများကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီးတိုင်းသူ ပြည်သားအားလုံး အဆင်ပြေစေရန်အတွက်ကိုသာ လိုလားကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အလုပ်သမားများ၏ လုပ်ခလစာနှင့် ပတ်သက်လျှင် နိုင်ငံတော်၏ ရပ်တည်ချက်မှာ လုပ်ခလစာတိုးမြှင့်ရေးဘက်တွင်သာ ရပ်တည်ကြောင်း၊ သို့သော် လုပ်ငန်းရှင်များအနေနှင့်မှာမူ ၎င်း၏ စီးပွားရေးအတိုင်းအတာအပေါ်တွင်သာ မူတည်၍သာပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုကိစ္စများမှာ နှစ်စဉ်ညှိနှိုင်း၍ ဆောင်ရွက်ရမည့် ကိစ္စများဖြစ်ကြောင်း၊ ယခုသတင်းထောက်ကြီး တင်ပြသည့်ကိစ္စမှာ လစာတိုးမြှင့်ပေးခြင်းမဟုတ်ကြောင်း၊ ထောက်ပံ့ကြေးများ တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ လစာတိုးမြှင့်ပေးခြင်းဖြစ်ပါက ပင်စင်စားများအတွက် တစ်ပါတည်းပါဝင်ပြီးဖြစ်ကြောင်း၊ လစာတိုးမြှင့်ပေးခြင်းမဟုတ်သည့် အတွက်ပင်စင်စားများအတွက် ပါဝင်ခြင်းမရှိသေးဘူးဟူ၍သာ ပြောနိုင်ကြောင်း၊ လစာတိုးမြှင့်ခြင်းဖြစ်ပါက ခံစားခွင့်များ၊ Gratuity နှင့် ပင်စင်များတစ်ပါတည်း ပါဝင်လာမည်ဖြစ်ကြောင်း၊ ယခုကိစ္စမှာ လစာတိုးမြှင့်ခြင်းမဟုတ်ကြောင်း၊ ထောက်ပံ့ကြေးနှင့် အိမ်ငှားစရိတ်သာတိုးမြှင့်ခြင်းဖြစ်ကြောင်း၊ လတ်တလောတွင် လစာတိုးမြှင့်ရန် အစီအစဉ်မရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ Myanmar Public Press သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဇော်မင်းနိုင်က မဖွံ့ဖြိုးသေးသည့် ကျေးလက်ဒေသများတွင် လမ်းအခက်အခဲရှိကြောင်း၊ ကိုယ်ထူကိုယ်ထလမ်းများ ဖောက်နေခြင်းရှိကြောင်း၊ ထိုလမ်းများကို သက်ဆိုင်ရာဌာနများသို့ တင်ပြလျှင် ဘတ်ဂျက်ချပေးခြင်း ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းလမ်းများသည် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်များဖြစ်ကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းများ အဆင့်ဆင့်ရှိကြောင်း၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနအောက်တွင် ရှိသည်များ၊ စည်ပင်သာယာရေးဌာန အောက်တွင်ရှိသည့် ကျေးရွာ၊ ကျေးရွာမှ မြို့နယ်၊ မြို့နယ်မှ အဆင့်ဆင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နှစ်စဉ်ဘတ်ဂျက်များ ရှိပြီးဖြစ်ကြောင်း၊ ခွင့်ပြုခြင်း၊ မပြုခြင်းသည် ဦးစားပေးအစီအစဉ်ဖြင့် အမှန်တကယ် အသုံးပြုနေသည့်အပေါ် မူတည်သည်ဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar Public Press သတင်းဌာနမှ အယ်ဒီတာကိုခန့်က ပခုက္ကူ-မြိုင် ကားလမ်းသည် မိုင်အားဖြင့် ၂၇ မိုင်ကွာဝေးသော်လည်း PDF များ စိုးမိုးထားသည့် နယ်မြေဖြစ်နေကြောင်း၊ မြိုင်မြို့နယ်အတွင်း ရှိကျေးရွာများမှ အေးချမ်းစွာနေလိုသည့် ရဟန်းသံဃာများ၊ ပြည်သူလူထုများကို PDF များက ဒလန်ဟု စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်နေကြကြောင်း၊ သက်ဆိုင်ရာအနေဖြင့် မြိုင်မြို့နယ်မှ အကြမ်းဖက်များကို အမြစ်ဖြတ်ချေမှုန်းရန် ပြည်သူများက လိုလားလျက်ရှိကြောင်း၊ မြိုင်မြို့နယ်အတွင်းရှိ အကြမ်းဖက်များ ရပ်တည်နိုင်ရန် အဓိကထောက်ပံ့နေသည့်အရာမှာ ဒေသတွင်းရှိ ရေနံမြေများဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ထိုရေနံမြေများကို ပိတ်သိမ်းပြီး အကြမ်းဖက်သမားများ၏ ပင်မရေသောက်မြစ်ကို သက်ဆိုင်ရာမှ အမြန်ထိန်းချုပ်ပေးစေလိုကြောင်း၊ မြိုင်မြို့နယ်မှ ပြည်သူများကလည်း လိုလားလျက်ရှိကြောင်း၊ သက်ဆိုင်ရာများအနေဖြင့် လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်များရှိပါက သိရှိလိုကြောင်းနှင့် ပညာရေးဝန်ကြီးဌာနမှ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်နှံရသည့် ကလေးငယ်များကို ကျောင်းအပ်ရန် တိုက်တွန်းထားကြောင်း၊ မုံရွာမြို့နယ်တွင် ကျောင်းအပ်နှံ၍မရသေးဟု သတင်းကြားသိရကြောင်း၊ ယင်းကိစ္စကိုလည်း သိရှိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းကိစ္စများကို သက်ဆိုင်ရာဝန်ကြီး ဌာနများကိုလည်း သတင်းပြောကြားသွားမည်ဖြစ်ကြောင်း၊ မြိုင်မြို့နယ်အတွင်းတွင် မည်သည့်အတွက်ကြောင့် ဖြစ်ရသလဲဆိုသည်ကို ယခင်သတင်းစာရှင်းလင်းပွဲတွင် မိမိရှင်းပြခဲ့ပြီဖြစ်ကြောင်း၊ ထိုနေရာများတွင်လည်း မြိုင်နှင့် အဓိကဆက်စပ်နေသည့် လက်ပံတို၊ ကျောက်ခွက်စသည့်နေရာများတွင် လက်ယက်တွင်းရေနံများ ထွက်သည့်အတွက်ကြောင့် အကြမ်းဖက်သမားများ အထောက်အပံ့ရနေသည်ကို သိရကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး လုံခြုံရေးအရ ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။
နိုင်ငံ့သစ္စာအွန်လိုင်းသတင်းဌာနမှ သတင်းထောက် ဦးအောင်ကျော်ဦးက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ဟင်္သာတမြို့နယ် ဒူးယားမြို့ ယခင်ဒူးယားတိုက်နယ်ကို ၁၉၉၁ ခုနှစ်ကစပြီး တိုက်နယ်မြို့ပြောင်းရန် စီမံကိန်းလုပ်ခဲ့ကြောင်း၊ ထိုစီမံကိန်းထဲတွင် အိမ်ထောင်စုဝင် ၁၄၀ ၏ လယ်ယာမြေ ၇၂ ဒသမ ၅၅ ဧကနှင့် ခြံမြေ ၅၂ ဧက သိမ်းဆည်းခံခဲ့ရကြောင်း၊ ယနေ့အထိ နစ်နာကြေးမရခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူအိမ်ထောင်စု ၁၄၀ ကို သနားငဲ့ညှာသောအားဖြင့် မေတ္တာရှေ့ထားပြီး မည်သို့ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်း၊ အခြားမေးခွန်းတစ်ခုမှာ နိုင်ငံတော်ကပေးပြီးသားကို အောက်ခြေဝန်ထမ်းများထံတွင် ကြန့်ကြာနေခြင်း ရှိ/ မရှိ၊ နိုင်ငံတော်အစိုးရက နစ်နာခဲ့သည့် ပြည်သူများကို ပေးခြင်း ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းကိစ္စများမှာ ပြန်စိစစ်ပြီးဖြေရမည့် မေးခွန်းဖြစ်သည့်အတွက် ထိုအမှုတွဲကိုသာပေးခဲ့ပါဟု ပြောလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံ့သစ္စာအွန်လိုင်းသတင်းဌာနမှ သတင်းထောက် ဦးအောင်ကျော်ဦးက အပြစ်မဲ့ပြည်သူများကို နေ့စဉ်နှင့်အမျှ PDF များက သတ်ဖြတ်နေခြင်းကို အခြားမီဒီယာများက တင်ပြဖူးကြောင်း၊ နိုင်ငံတော်အစိုးရနေဖြင့် PDF များကို အလင်းဝင်ရန် ဖိတ်ခေါ်ခြင်းကိုလည်း ဝမ်းသာမိကြောင်း၊ ကိုယ့်ညီလေး၊ ညီမလေးများကို ဒုက္ခမရောက်စေချင်သည့် စေတနာဖြစ်ကြောင်း၊ တစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းက ယခင်ကထက်ပို၍ သတ်ဖြတ်နေကြောင်း၊ ဥပမာ ကောလင်းမြို့နယ် သရက်ခုံကျေးရွာတွင် ကျောင်းဆရာမောင်နှမ သတ်ခံရကြောင်း၊ ကျောင်းဆရာမ ဒေါ်ဥမ္မာဝင်းသည် နားရွက်နှစ်ဖက်၊ ရင်သားနှစ်ဖက် လှီးဖြတ်ခံရကြောင်း၊ ခြေထောက်များ ရိုက်ချိုးခံရကြောင်း၊ နောက်ဆုံး ရင်ဝကို ဓားနှင့်ထိုးပြီး အသတ်ခံရကြောင်း၊ ရက်စက်မှုများက ကမ်းကုန်သွားပြီဟုဆို၍ရကြောင်း၊ ယခုနောက်ပိုင်း ထိုထက်ပိုဆိုးလာခြင်းသည် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကို သတ်လျှင် မည်သို့မျှ မသက်ဆိုင်သည့်၊ အပြစ်မရှိသည့် သားမယားများကို အကုန်သတ်သည့် စနစ်ဖြစ်လာကြောင်း၊ Mizzima ၊ RFA ၊ ဧရာဝတီသတင်းဌာန၊ ခေတ်သစ်သတင်းဌာန၊ DVD သတင်းဌာနများမှ မည်သည့် PDF များက မည်သည့်အုပ်ကြီး၊ မည်သည့်ရာအိမ်မှူး၊ မည်သည့်ဒလန်ကိုသတ်သည်ဟု သတင်းလွှင့်လျှင် မည်သို့မျှမဖြစ်သော်လည်း မိမိတို့ကဲ့သို့ အမျိုးသားရေး သတင်းထောက်များ၊ သတင်းမှန်တင်သည်နှင့် ဒလန်စာရင်းတန်းဝင်သွားကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲ တက်သည်နှင့် ဘောမသူဖြစ်စေ၊ ဘော မ မသူ ဖြစ်စေ၊ ဘောမအဖြစ် တန်း၍စာရင်းဝင်သွားကြောင်း၊ တပ်မတော်အာဏာထိန်းသည့်ကာလမှာ ယနေ့အထိဆိုပါက တစ်နှစ်နှင့်လေးလ ကျော်ခဲ့ပြီဖြစ်ကြောင်း၊ ထိုကာလအတောအတွင်း PDF များက ဒလန်ဟုစွပ်စွဲပြီးသတ်ခဲ့သည့် လူပေါင်း ၅ ထောင်ကျော်သွားပြီဟုဆို၍ ရကြောင်း၊ လက်ရှိတွင်လည်း သတ်နေဆဲဖြစ်ကြောင်း၊ နောင်လည်း သတ်နေဦးမည်ဟု ယူဆရကြောင်း၊ ဗိုလ်ချုပ်တို့အနေဖြင့် လက်နက် ကိုင်သတ်နေသည့် PDF များက အရပ်ဘက်ဝန်ထမ်းများ၊ မတူကွဲပြားသည့် ပါတီဝင်များ၊ အမျိုးသားရေးလှုပ်ရှားသူများ၊ အမျိုးသားနိုင်ငံရေး ပြည်တွင်းသတင်းထောက်များ၊ အပြစ်မဲ့ပြည်သူများ၊ ရဟန်းသံဃာတော်များကို ယခုထက်ပိုပြီး အသတ်မခံရစေရန် မည်ကဲ့သို့ အပြည့်အဝကာကွယ်ပေးနိုင်မည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကဲ့သို့ သတ်ဖြတ်ရန် လှုံ့ဆော်သူများရှိနေကြောင်း၊ ဘုန်းကြီးများကိုသတ်၍ မရလျှင် ဘုန်းကြီးကျောင်းကိုသွားသည့်လူများကို သတ်ဟုဆိုသည့် ပြောဆိုချက်များကိုလည်း တွေ့ရကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် ပတ်သက်ပြီး လုံခြုံရေးအဖွဲ့အစည်းများနှင့် ပြည်သူ့စစ်များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုအဖွဲ့များနှင့်ဆက်သွယ်ရန် မိမိပြောလိုကြောင်း၊ အားလုံးပါဝင်မှ၊ ကိုယ်တိုင်လည်းပါဝင်မှရမည်ဟု ပြောလိုကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်သည့်ထောက်ပံ့မှုများကို အချိန်အတိုင်းအတာအရ ဆောင်ရွက်ပေးသွားမည်ဟု ပြန်လည်ဖြေကြားသည်။