Skip to main content

နိုင်ငံတော်၏အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် အရှေ့တောင်အာရှ၊ အာရှနှင့် ကမ္ဘာ့နိုင်ငံများအကြား အဆင့်မြင့်မြင့်ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဩဂုတ် ၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဖွဲ့စည်းခြင်း (၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကနေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။

ဦးစွာပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ၁၉၉၆ခုနှစ် ဒီဇင်ဘာ ၁၈ရက်တွင် အားကစားဝန်ကြီးဌာနကို စတင်ဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ် မေလမှစတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၂၁ခုနှစ် ဩဂုတ် ၁ ရက်မှ စတင်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ခြင်းသည် ယနေ့ဆိုလျှင် (၁)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ အားကစားကဏ္ဍဆောင်ရွက်မှုများအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ နိုင်ငံတော်၏အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အရှေ့တောင်အာရှ၊ အာရှနှင့် ကမ္ဘာ့နိုင်ငံများအကြား အဆင့်မြင့်မြင့်ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိရေးတို့ကို တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် လွှမ်းခြုံအကောင်အထည်ဖော် ဆောင်ရွက်နေရခြင်းဖြစ်ပြီး လူထုအားကစားလှုပ်ရှားမှု ကျယ်ပြန့်ရေး၊ မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်စေရေးအတွက် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များဖြင့် ပူးပေါင်း၍ ရေတို၊ ရေရှည်စီမံချက်များ ရေးဆွဲချမှတ်၍ လူအား၊ ငွေအား ပံ့ပိုးမှုများရယူ၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည့် ဌာနတစ်ခုဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ပါရဂူဘွဲ့ရရှိသည့် အားကစားဆေးဘက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးနှင့် သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့သူလေးဦးကို ဂုဏ်ပြုဆု တံဆိပ်ကိုလည်းကောင်း၊ (၅၄) ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် မအေးသန္တာခိုင်အား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ်သိန်း ၃၀၀ ကိုလည်း ကောင်း၊ ငွေတံဆိပ်ဆုရရှိခဲ့သည့် မောင်ရဲထွန်းနောင်အား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ်သိန်း ၂၀၀ ကိုလည်းကောင်း၊ အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ (၂၀၂၂) (AFF Women's Championship 2022) တွင် တတိယဆုရရှိခဲ့သည့် မြန်မာအမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုဆု တံဆိပ်နှင့် တစ်ဦးလျှင် ငွေသားဆု ငွေကျပ် ၃၅ သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၁၀၉၀ ကိုလည်း ကောင်း၊(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ရရှိခဲ့သည့် အားကစားသမား ခုနစ်ဦးကို ဂုဏ်ပြုဆု တံဆိပ်နှင့်တစ်ဦးလျှင် ငွေသားဆုငွေကျပ် ငါးသိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၃၅ သိန်းကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ငွေတံဆိပ် ဆုရရှိခဲ့သည့် အားကစားသမားဝန်ထမ်း ၁၁ ဦးအား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုတစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၃ သိန်းကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ကြေးတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမား ၃၅ ဦးနှင့် နည်းပြ/အုပ်ချုပ်သူ ၁၃ ဦးတို့ကို ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆု တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၉၆ သိန်းကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များကလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန(နေပြည်တော်)တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီးရုံး၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများကို ဆန်ခြောက်ပြည်၊ ဆီတစ်ပိဿာနှင့် ကုလားပဲ ၅ဝ ကျပ်သား၊ တစ်ဦးလျှင် ငွေကျပ် ၂၁၄ဝဝ နှုန်းဖြင့် ဝန်ထမ်း ၁၂၅၀ အတွက် စုစုပေါင်းငွေကျပ် ၂၆၇၅ဝဝဝဝ ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့က ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား တာဝန်ရှိသူများက လက်ခံကြသည်။

ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၂ခုနှစ်၊ ဗိုဗီနမ်နည်းပြ သင်တန်းဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါ ဗိုဗီနမ် နည်းပြသင်တန်းကို ဩဂုတ် ၁ ရက်မှ ၃၀ ရက်အထိ သင်တန်းကာလ တစ်လတွင် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှနည်းပြ သုံးဦးတို့က သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သင်တန်းသားသင်တန်းသူ စုစုပေါင်း ၃၀ တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်