နေပြည်တော် ဩဂုတ် ၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံစီးပွားရေးအဖွဲ့အစည်း (Thai Business Association of Myanmar- TBAM) President, Mr. Nuttaphong Visitkitchakarn ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ထိုင်းနိုင်ငံမှ လေကြောင်းလိုင်းများလည်း ပြေးဆွဲပျံသန်း လျက်ရှိကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ဒုတိယနေရာ၌ရှိပြီး ပိုမိုရင်းနှီးမြှုပ်နှံလာကြမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံစီးပွားရေးအဖွဲ့အစည်းက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆောင်ရွက်နေမှု ၊ ထိုင်းခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာနိုင်ရေး ကူညီဆောင်ရွက်ပေးစေလိုသော ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသော ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် ပံ့ပိုးဆောင်ရွက်ပေးစေလိုသော ကိစ္စရပ်များ၊ ထိုင်းခရီးသွားများ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်နေမှုနှင့် နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးခဲ့သည်။
(သတင်းစဉ်)