နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
ဘူးလက်နယူးဂျာနယ်မှ ထုတ်ဝေသူ ဦးလှဆွေက အခြေခံဥပဒေ ပုဒ်မ ၃၆၁ အရ မြန်မာနိုင်ငံ သည် ဗုဒ္ဓဘာသာအများစုကိုးကွယ်ပြီး ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံသည့် ဘာသာကြီးတစ်ရပ် ဖြစ်သည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိအချိန်တွင် ဘာသာကြီး လေးမျိုးတွင် ဗုဒ္ဓဘာသာသည်အဖိနှိပ်ခံရဆုံး၊ အနှိပ်ကွပ်ခံရဆုံးအချိန်ဖြစ်နေကြောင်း၊ PDF များ၏ target သည် ဗုဒ္ဓဘာသာ ရဟန်းသံဃာများဖြစ်နေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုယ်တိုင်ရဟန်းသံဃာများ အသတ်ခံရမှုနှင့်ပတ်သက်၍ ထည့်သွင်း ပြောကြားခဲ့ကြောင်း၊ နောက်နောင်တွင်လည်း မည်မျှအသတ်ခံရမည်ကို မသိနိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စရပ်များ ကာကွယ်ပေးနိုင်ရန် လက်ရှိတွင် မဏ္ဍိုင်ကြီး(၃)ရပ် ကိုင်ဆောင်ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဘာသာသာသနာကို ကာကွယ်ပေးရန် အရေးပေါ်ဥပဒေများ သီးသန့်ပြဋ္ဌာန်းသင့်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရသည် သာသနာပြုမင်းအစိုးရဖြစ်ကြောင်း၊ သာသနာတော်ကို ကာကွယ်ပေးရန် မြတ်စွာဘုရားဟောကြားသည့် “ရာဇာပဋ္ဌာနံ” ဆိုသည့်အတိုင်း မင်းအစိုးရသာလျှင် အဓိကကျသည်ဟု ဆိုထားကြောင်း၊ ထို့ကြောင့် သာသနာတော်ကာကွယ်ရန် အထူးဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီးဘာသာရေးနှင့် ပတ်သက်သည့် ဆရာတော် သံဃာတော်များကို ပုတ်ခတ်လျှင်၊ ထိပါးစော်ကားလျှင် မည်သို့ပြင်းထန်သည့် ဥပဒေ၊ ပုဒ်မသတ်မှတ်ပြီး မည်သို့ပြစ်ဒဏ်ချမှတ်မည်၊ လူကိုသတ်လျှင်တစ်မျိုး၊ သံဃာတော်ကိုသတ်လျှင်တစ်မျိုး၊ သံဃာတော်ကိုသတ်လျှင် အယူခံမရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရမည် စသည်ဖြင့် သီးသန့်ပဒ်မများ ပြဋ္ဌာန်းပေးထားစေလို ကြောင်း၊ ထိုသို့ ပြဋ္ဌာန်းပြီးဆောင်ရွက်မှသာ မိမိတို့ဗုဒ္ဓဘာသာ သံဃာတော်များအား အကာအကွယ် ပိုမိုရရှိနိုင်မည်ဟုယူဆမိသဖြင့် လက်ရှိအချိန်တွင် ယင်းကိစ္စများအတွက် အရေးပေါ်ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ် ထုတ်ပြန်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘာသာရေးနှင့်ပတ်သက်လျှင် ဗုဒ္ဓဘာသာကိုစော်ကားသည့် အပြုအမူများ၊ ဘာသာရေးစိတ်ကို နာကြည်းစေသည့် အပြုအမူများအတွက် အရေးယူရန် ရာဇသတ်ကြီးဥပဒေ အခန်း ၁၅၊ ဘာသာသာသနာဆိုင်ရာ ပြစ်မှုများတွင်ပါရှိသည့် ပုဒ်မများဖြင့် ဆောင်ရွက်၍ရကြောင်း၊ ဥပဒေပုဒ်မ ၂၉၅ ၊ ၂၉၅(က)၊ ၂၉၆ မှ ၂၉၈ အထိ ဆောင်ရွက်နိုင် ကြောင်း၊ အွန်လိုင်းပေါ်တွင် မဟုတ်မမှန်ရေးသားစော်ကားမှုများနှင့်ပတ်သက်၍ ဆက်သွယ်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုနိုင်ကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ပတ်သက်၍ သီးခြားဥပဒေများ ရေးဆွဲထားခြင်းမရှိကြောင်း၊ သို့သော် ဥပဒေဆိုသည့် အကြောင်းအရာများ၊ ပညတ်ဆိုသည့် အကြောင်းအရာများ ပေါ်ပေါက်လာခြင်းသည် အများအားဖြင့် လိုအပ်ချက်များအရ၊ တောင်းဆိုမှုများအရ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင်လည်း သတင်းထောက်ကြီးပြော သကဲ့သို့ အမှန်တကယ်ဖြစ်ပျက်နေကြောင်း၊ သို့သော် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်သည်လည်း လိုအပ်ချက်အရ ပေါ်ပေါက်ကောင်းပေါ်ပေါက်လာနိုင်ကြောင်း၊ မိမိတို့ အနေဖြင့်သက်ဆိုင်ရာများနှင့် ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပြီးနောက် NUG အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင်အမည်ခံထားသူ မျိုးရန်နောင်သိမ်းက အွန်လိုင်းတွင်တင်ထားသည့် သီတဂူဆရာတော်ကြီးနှင့် ဆရာတော် သံဃာတော်များကို ပုတ်ခတ်စော်ကားထားသည့် ဗီဒီယိုကိုဖွင့်ပြပြီး ရမ်းကားမှုကို တွေ့ရမည်ဖြစ်ကြောင်း၊ တောင်းဆိုချက်များအရ ထိရောက်မှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
Myanmar Hard Talk သတင်းဌာနမှ အယ်ဒီတာ ဦးဥက္ကာက မိမိမေးမြန်းမည့် မေးခွန်းတွင် အချက် သုံးချက်ရှိကြောင်း၊ နံပါတ်(၁)အချက်မှာဗဟိုဘဏ်က ဒေါ်လာငွေများကို ချုပ်ကိုင်လာခြင်းနှင့် နိုင်ငံခြားကြွေးမြီများကို ပြန်ဆပ်ရန်ဆိုင်းငံ့ခိုင်းခြင်းနှင့် ပတ်သက်ပြီး မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဖြေကြားစေလိုကြောင်း၊ နံပါတ်(၂)အချက်မှာ မြန်မာနိုင်ငံသည် သီရိလင်္ကာနိုင်ငံကဲ့သို့ဖြစ်လာနိုင်သည်ဟု ကောလာဟလများထွက်နေကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မည်ကဲ့သို့တုံ့ပြန်သွားမည်ကို သိလိုပါကြောင်း၊ နံပါတ်(၃)အချက်အနေဖြင့် NUG အကြမ်းဖက်အုပ်စုများက ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းရှင်များကို အွန်လိုင်းမှတစ်ဆင့် ဆက်ကြေးများကောက်ခံခြင်းရှိကြောင်း၊ ဆက်ကြေးကောက်ခံသည့်နေရာတွင် ဆက်ကြေးမပေးလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံရသည်အထိ ရှိသည်ဟုကြားသိရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များဘက်မှ မည်သို့အကာ အကွယ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မည်ကဲ့သို့စီစဉ်ထားသည်ကို သိလိုပါကြောင်း မေးမြန်း သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗဟိုဘဏ်၏ ဒေါ်လာနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်စေရန်နှင့် နိုင်ငံခြားငွေ ထိရောက်စွာအသုံးပြုနိုင်ရန်အတွက် လိုအပ်သည့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်နိုင်ရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီဖွဲ့စည်း ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂ ကို ထုတ်ပြန်ခဲ့ကြောင်း၊ ထိုကြော်ငြာစာအရ နိုင်ငံခြားငွေ ကြီးကြပ်မှုကော်မတီအနေဖြင့် ပြည်ပသို့ နိုင်ငံခြားငွေပေး ချေ လွှဲပြောင်းရေးအတွက်ဘဏ်သို့ ဝင်ရောက်လာသည့် ကုန်သွယ်မှုလုပ်ငန်းများမှရငွေနှင့် ကုန်သွယ်မှုမဟုတ်သည့် လုပ်ငန်းများမှရငွေများကို စိစစ်ပြီးခွင့်ပြုပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့သော ထိန်းချုပ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ပြည်ပချေးငွေများ ဆိုင်းငံ့ခြင်းသည် လုပ်ငန်းရှင်များအနေဖြင့် ကိုဗစ်ကာလစီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန် အတွက် နည်းမျိုးစုံဖြင့်လုပ်ဆောင်နေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဓိကအားဖြင့် ငွေကြေးမတည်မှုနှင့်လုပ်သားရရှိနိုင်ရန် အရေးကြီးကြောင်း၊ ချည်နဲ့စပြုလာသည့် လုပ်ငန်းများ အနေဖြင့် ခွန်နှင့်အားနှင့် ရုန်းကန်လုပ်နေရသည့်အချိန်ဖြစ်ကြောင်း၊ မတည်ရင်းနှီးထားသည့် ငွေရင်းနှင့် ပြည်တွင်း၊ ပြည်ပမှ ရယူထားသည့် ချေးငွေများသည် အဓိကအချက်တွင် ပါဝင်ကြောင်း၊ ပြည်တွင်းချေးငွေများနှင့် ပတ်သက်ပြီးချေးငွေများပြန်ဆပ်ရမည့် အစီအမံကာလတစ်ခုကို ဖြေလျှော့ပေးထားကြောင်း၊ ကိုဗစ်အလွန်လုပ်ငန်းများ ပြန်လည် စတင်ချိန်တွင် ငွေရင်းထပ်မံတိုးချဲ့ရေးအတွက် အခက်အခဲရှိသကဲ့သို့ ချေးယူထားသည့် ငွေများရှိပါက ယင်းချေးငွေများကို အတိုးနှင့်အရင်းများ ပေးဆပ်ရန်ရှိမည်ဖြစ်ကြောင်း၊ ယင်းနှစ်ခုအနက်မှ ပြန်လည်ပေးဆပ်ရမည့်ကိစ္စရပ်များအတွက် ဗဟိုဘဏ်အနေဖြင့် ကာလတစ်ခုဆိုင်းငံ့စေခြင်းသည် လုပ်ငန်းရှင်များအရှိန်ရယူနိုင်ရန် အထောက်အပံ့ဖြစ်စေခြင်းသာ ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ဆိုင်းငံ့လိုသည်ဆိုလျှင် ထိုအတိုင်းဆိုင်းငံ့၍မရကြောင်း၊ Payment Schedule အရပြန်လည်ပေးဆပ်ရမည့် အစီအစဉ်ကို ငွေချေးယူသူနှင့် ငွေချေးငှားသူတို့ သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်ရန် အသိပေးအကြောင်းကြားခြင်း ဖြစ်ကြောင်း။
ယင်းကိစ္စများနှင့်ပတ်သက်ပြီး NegativeImpact ဖြစ်စရာ အကြောင်းမရှိကြောင်း၊ လိုရာဆွဲတွေးပြီး အကျိုးမဲ့စေမည့်ဖြစ်ရပ်မရှိကြောင်း၊ အပြုသဘောဆောင်သည့် မှတ်ချက်ပြုပြီး ပြည်သူလူထုကို အနှောင့်အယှက်လုပ်ရင်း ငွေဈေးနှုန်း၊ ကုန်ဈေးနှုန်းများတက်အောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု မိမိမြင်ကြောင်း၊ ယင်းကိစ္စများသည် သဘောတူညီချက်များနှင့် လုပ်ဆောင်သွားရမည့် ကိစ္စများဖြစ်ကြောင်း၊ မိမိရပ်ဆိုင်းလိုတိုင်း ရပ်ဆိုင်း၍မရကြောင်း၊ သဘောတူညီချက်ရယူပြီး လုပ်ဆောင်ရမည်ဟုသာ ပြောခြင်းဖြစ်သည်ဟု ပြောလိုကြောင်း၊ အွန်လိုင်းမှတစ်ဆင့် ခြိမ်းခြောက်ခြင်းကိုတွေ့ရကြောင်း၊ တချို့ မည်မျှအထိ ဆိုးရွားသလဲဆိုလျှင် ကုမ္ပဏီ၏လိပ်စာများအထိ ပို့ကြောင်း၊ ကုမ္ပဏီနှင့်ပြည်သူလူထုနှင့် ဆက်သွယ်သည့် E- mail လိပ်စာမဟုတ်ကြောင်း၊ ထို E- mail လိပ်စာသည် သီးသန့်ပေးထားသည့် E- mail လိပ်စာဖြစ် ကြောင်း၊ အခွန်ဆောင်ရန်ပေးထားသည့် သီးသန့်ပေးထားသည့် E- mail လိပ်စာထဲသို့ဝင်ပြီးမှ ပို့သည်များကိုတွေ့ရကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး တချို့သတင်းပေါက်ကြားမှုများရှိသည်ကိုသိရကြောင်း၊ ယင်းတို့ကို အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တချို့လည်း ငွေကြေးပေးနေသည်ဟု ကြားသိရကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ဆင်ခြင်ကြရန်ပြောလိုကြောင်း၊ အကာအကွယ်ပေးသွားမည်ဟု ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ Myanmar Hard Talk သတင်းဌာနမှ အယ်ဒီတာ ဦးဥက္ကာက နံပါတ်(၂)အချက် ဖြစ်သည့် မြန်မာနိုင်ငံကို သီရိလင်္ကာနိုင်ငံကဲ့သို့ ဖြစ်လာနိုင်သည်ဟု ပြောနေသည့် ကောလာဟလနှင့်ပတ်သက်ပြီး မည်သို့မှတ်ချက်ပေးလိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံသည် သီရိလင်္ကာနိုင်ငံကဲ့သို့ ဖြစ်လာနိုင်စရာအကြောင်းမရှိကြောင်း၊ မြန်မာနိုင်ငံတွင် အရန်ငွေကြေးအဖြစ် ဒေါ်လာထိုက်သင့်သလောက် စုဆောင်းပြီးဖြစ်ကြောင်း၊ အရန်ငွေကြေးဖြစ်သည့် ယွမ်ကဲ့သို့ ငွေကြေးများလည်း စုဆောင်းပြီးဖြစ်ကြောင်း၊ ငွေကြေးပမာဏကို မပြောနိုင်သော်လည်းထိုက်သင့်သည့် ငွေကြေးပမာဏစုဆောင်းပြီး အခြေခံရှိပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ Myanmar Hard Talk သတင်းဌာနမှ အယ်ဒီတာဦးဥက္ကာက ဆက်စပ်မေးခွန်းနှင့်ပတ်သက်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍသည်လည်း တစ်ဖက်တစ်လမ်းက ပါဝင်သည်ဟု သတင်းသမားအနေဖြင့် မြင်မိကြောင်း၊ အကယ်၍ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ အစီအစဉ်နှင့်ဒေါ်လာကို ပြင်ပပေါက်ဈေးဖြင့်ဝယ်ပြီး သွင်းကုန်ကို သွင်းလျှင်ထိုသွင်းကုန် အတွက် လိုင်စင်ပါမစ်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စနှင့်ပတ်သက်ပြီး အစီအစဉ်မရှိကြောင်း၊ သွင်းကုန်နှင့်ပတ်သက်ပြီးသတ်မှတ်ထားသည့် စီးပွားကူးသန်းနှင့် စီမံဘဏ္ဍာတို့က ကန့်သတ်ထားသည့် သွင်းကုန်များရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံခြားငွေချွေတာနိုင်ရန်အတွက် ကန့်သတ်ထား သည့် ကုန်များရှိကြောင်း၊ ကန့်သတ်ထားသည့်ကုန်များမဟုတ်လျှင် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကန့်သတ်ထားသည့် ကုန်များအနေဖြင့် ဆောင်ရွက်ခွင့်မပေးခြင်းကို ပြုပြင်ပေးရန် ယခုအချိန်ထိ မရှိသေးကြောင်း ပြန်လည်ဖြေကြား သည်။
သူရိယနေဝန်းသတင်းဌာနမှ သတင်းထောက်ဒေါ်သဇင်ဦးက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေကျပ် ၄၀၀ ဘီလီယံကို ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များကို အတိုးနှုန်း သက်သာစွာဖြင့် ငွေထုတ်ချေးသွားမည်ဟု ထုတ်ပြန်ခဲ့သည်ကို တွေ့ရကြောင်း၊ မည်သည့် လုပ်ငန်းအမျိုးအစား၊ မည်သည့်စံသတ်မှတ်ချက်များဖြင့် ထုတ်ချေးသွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိရှင်းလင်းခဲ့သည့်အထဲတွင် တချို့အချက်များပါဝင်ပြီးပြီဖြစ်ကြောင်း၊ အဓိကလုပ်ဆောင်ရခြင်း၏ အကြောင်းသည် စီးပွားရေးကိုမြှင့်တင်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထုတ်ချေးမည့်ငွေကျပ်ဘီလီယံ ၄၀၀ ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတွင်လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြောင်း၊ ၎င်းတို့၏ အဓိကစီးပွားရေးလုပ်ငန်းသည် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း၊ ထိုငွေများကို အဓိကရည်ညွှန်းခြင်းသည် ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း နှင့်ပြည်နယ်များတွင်ရှိသည့် ပြည်သူလူထု၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ၏ အခြေခံဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်လုပ် ဆောင်နိုင်ရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အခြေခံလူတန်းစားများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် အခြားသော စီးပွားရေးကဏ္ဍများကို မြှင့်တင်ရေးဟူ၍ မိမိတို့၏ စီးပွားရေးဦးတည်ချက်ထဲတွင် ပါဝင်ကြောင်း၊ အခြားသော စီးပွားရေးကဏ္ဍများကို ဦးစားပေးဆောင်ရွက်သွားမည်မှာ အခြေခံလူထုကို အလုပ်များများ ပေးနိုင်သည့်လုပ်ငန်းများ၊ စီးပွားရေးတိုးတက်မှုကို မြန်မြန်ဆန်ဆန်ရနိုင်သည့် လုပ်ငန်းများကိုအဆင့်လိုက်ဦးစားပေးပြီး ဆောင်ရွက်သွားမည်ဟုပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။
ဆက်လက်၍ သူရိယနေဝန်းသတင်းဌာနမှ သတင်းထောက် ဒေါ်သဇင်ဦးက ကော်သူးလေးလက်နက်ကိုင်အဖွဲ့ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး မေးမြန်းလိုကြောင်း၊ ကရင်တိုင်းရင်းသား လက်နက်ကိုင်ဒေသများထဲတွင် ၁၉၅၆ ခုနှစ်ကတည်းက ကော်သူးလေးတပ်မတော် ဆိုပြီးပေါ်ပေါက်ခဲ့ကြောင်း၊ သို့သော် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဘိုမြ၏သား စောနယ်ဒါးမြက ဦးဆောင်၍ ကော်သူးလေး တပ်မတော်ဆိုသည့် အမည်နာမကို ပြန်လည် သုံးစွဲပြီး ကော်သူးလေးလက်နက်ကိုင်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ စောနယ်ဒါးမြ ဦးဆောင်သည့် ကော်သူးလေးလက်နက်ကိုင်အဖွဲ့ကို KNU နှင့် KNLA/KNDO စသည့် EAO အဖွဲ့များက အသိအမှတ်မပြုသည့်အပြင် စောနယ်ဒါးမြကိုလည်း KNU မှ ထုတ်ပယ်လိုက်ကြောင်း Statement လည်းတွေ့ရကြောင်း၊ ကော်သူးလေးလက်နက်ကိုင်အဖွဲ့ကို ပြင်းထန်စွာ အရေးမယူလျှင် နောက်နောင် လက်နက်ကိုင်များစွာ၊ အဖွဲ့ပေါင်းများစွာ ပေါ်ပေါက်လာမည်ကိုလည်း စိုးရိမ်မိကြောင်း၊ ထို့ကြောင့် ကော်သူးလေးလက်နက်ကိုင်အဖွဲ့ကို EAO အဖွဲ့အဖြစ် သတ်မှတ်ဆွေးနွေးမည်လား၊ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ချေမှုန်းမည်လားဆိုသည်ကို ရှင်းလင်းပြတ်သားစွာ သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ၎င်းတို့လည်း ပြောပြီးဖြစ်ကြောင်း၊ KNU မှ ခွဲထွက်ခြင်းသည် KNU ထဲတွင် NCA လမ်းကြောင်းကို လိုလားသည့်လူများ၊ တပ်များရှိနေသဖြင့် ခွဲထွက်ခြင်းဖြစ်သည်ဟု ပြောပြီးဖြစ်ကြောင်း၊ ယင်းအဖွဲ့သည် ငြိမ်းချမ်းရေးကို မလိုလားသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ ထို့ကြောင့် ပထမဦးဆုံး သတ်မှတ်သည်မှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် အဓိကနှောင့်ယှက်လာနိုင်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ကြောင်း၊ နံပါတ်(၂)အနေဖြင့် နှိုင်းယှဉ်ခြင်းဖြစ်ကြောင်း၊ ဝေါလေတွင် အရပ်သား ၂၅ ဦးကို သတ်ဖြတ် ခဲ့ခြင်းကြောင့် KNU မှ ယင်းအဖွဲ့ကို ထုတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ဆောင်ခြင်းမျိုးကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ သို့သော် KNU တို့ကသာ ထောက်ခံခြင်း မရှိသော်လည်း ယင်းအဖွဲ့ကို ထောက်ခံသည့်အဖွဲ့အစည်းတစ်ဖွဲ့ရှိကြောင်း၊ မည်သူက ထောက်ခံသလဲဆိုသည်ကို ဒေါ်လာတစ်သန်းပေးခဲ့သည်ဆိုသည်ကို မိမိရှင်းပြခဲ့သည့်အထဲတွင် ပြသပြီးဖြစ်ကြောင်း၊ ယင်းအဖွဲ့အစည်း၏ စံနှုန်းကိုသတ်မှတ်ရာတွင် ယင်းအဖွဲ့အစည်းသည် KNU အဖွဲ့ကပင် ထုတ်ပစ်သည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ယင်းအဖွဲ့သည် အရပ်သားပါ မရှောင်သတ်ဖြတ်နေသည့်အဖွဲ့အစည်းဖြစ်ကြောင်း၊ထို့ကြောင့် “မူ”ရှိသည့်အဖွဲ့အစည်းဟု မိမိတို့မသတ်မှတ်ကြောင်း၊ “မူ” မရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ မူမရှိသည့် အဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် ဖြစ်နိုင်စရာအကြောင်းမရှိကြောင်း၊ ယင်းကော်သူးလေးအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
Trend ဂျာနယ်မှ အယ်ဒီတာချုပ် ဦးဝဏ္ဏက အာဆီယံအထူးသံတမန်လည်းဖြစ်သော ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဖြစ်သည့် ပရက်ဆိုခွန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့်ရရန် အလားအလာကောင်းရှိသည်ဟု ဇူလိုင်၂၂ တွင် ဖနောင်ပင်သတင်းစာနှင့် သတင်းဌာနအများစုက ဖော်ပြခြင်းကိုတွေ့ရကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့် မည်သည့်အခြေအနေများရှိပါသလဲ၊ မည်သည့်အချိန်တွင် တွေ့ဆုံမည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့အနေဖြင့် တချို့သတင်းဌာန အများစုကိုလည်း ဖြေဆိုခဲ့ပြီးဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် ပထမဦးဆုံး ပြောကြားလိုသည်မှာ နိုင်ငံရေးတွင် မဖြစ်နိုင်ဘူးဆိုသည့်ကိစ္စမရှိဟု ပြောလိုကြောင်း၊ အာဆီယံအထူး ကိုယ်စားလှယ်၏ ပြောကြားချက်အပေါ်တွင် သီးခြားမှတ်ချက်ပေးစရာ မရှိကြောင်း၊ ဒုတိယသတင်းစကားအနေဖြင့်နိုင်ငံရေးတွင် မဖြစ်နိုင်စရာမရှိဘူးဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar National Postသတင်းဌာနမှ အယ်ဒီတာချုပ်နောင်တော်လေးက ယခုကာလတွင် အွန်လိုင်းဂိမ်းများ အများအပြား ထွက်ပေါ်လာသည်ကိုတွေ့ရကြောင်း၊ အွန်လိုင်းဂိမ်းများတွင် Slot Game၊ ငါးပစ်ဂိမ်းများ၊ နည်းမျိုးစုံဆော့သည့်ဂိမ်းများ၊ Facebook၊ Tiktok ဆယ်လီများက ၎င်းတို့၏ရုပ်သံများတွင် ကြော်ငြာများကို တရားဝင်ခွင့်ပြုထားသည့်ပုံစံများဖြင့် ထည့်သွင်း ကြော်ငြာခြင်းများတွေ့ရကြောင်း၊ ၎င်းတို့၏ ဖုန်းနံပါတ်များ၊ KBZ ၊ AYA ဘဏ်များနှင့် ချိတ်ဆက်ထားသည့် အရာများပေါ်ပေါ်ထင်ထင်ကြော်ငြာ လုပ်ဆောင်နေသည်များရှိကြောင်း၊ ထိုကိစ္စများကိုဖော်ထုတ်ပြီး အရေးယူမည်ဆိုလျှင် လွယ်ကူသည့် အခြေအနေတစ်ရပ်ဟု မြင်ရကြောင်း၊ ထိုကိစ္စများကို အရေးယူဆောင်ရွက်ရန် ရှိ/မရှိ သိလိုကြောင်း၊ ယခုကာလတွင် ဘဏ်များ၌ ဓားပြတိုက်ခံရသည့်ကာလဖြစ်သည့်အတွက် အကြမ်းဖက်နှင့် ဆက်စပ်ပြီး လောင်းကစားကိစ္စများ၊ ရာဇဝတ်မှုများ ပိုမိုများပြားလာခြင်းလားဆိုသည့် စဉ်းစားမှုများရှိလာ ကြောင်း၊ မည်ကဲ့သို့ အရေးယူရန် ရှိ/မရှိ သိလိုကြောင်း၊ ထို့နောက် အခြားအဆင့် တပ်မတော်သားများ အရာရှိဖြစ်ရန် ယခင်ကလုပ်သက်၊ စည်းကမ်းကောင်းမွန်မှုများဖြင့် သတ်မှတ်ကြောင်း၊ ယခု အသက်ကန့်သတ်ချက်များဖြင့် လုပ်ထားသည့် သတင်းများကြား သိရကြောင်း၊ အသက် ၁၈ နှစ်ကတည်းက တပ်မတော် ထဲဝင်ပြီးစည်းကမ်းကောင်းမွန်စွာ တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားများက အရာရှိဖြစ်ရန် နောက်ကျခဲ့ပြီး အသက်ကြီးမှ ဝင်လာသည့်သူက အရာရှိဖြစ်သွားသည့်အခြေအနေမျိုးကိုလည်း ပြန်ပြီးသုံးသပ်ရန် ရှိ/မရှိ သိလိုကြောင်း၊ မန္တလေးမဟော်သဓာကျောင်းကိစ္စနှင့် ပတ်သက်ပြီး NLD အစိုးရလက်ထက်တွင် ကျောင်းဖြစ်မြောက်ရေး ကော်မတီဝင်များကို တရားစွဲဆိုခဲ့ကြောင်း၊ အင်္ဂလိပ်အစိုးရလက်ထက်က ကျင့်သုံးခဲ့သည့် ဥပဒေနှင့်မရရအောင် တရားစွဲဆိုခဲ့ခြင်းများရှိခဲ့ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအပြောင်းအလဲ ဖြစ်ပြီးနောက် ပြန်လည်တင်ပြပါဆို၍ ပြန်လည်တင်ပြ ခဲ့ကြောင်း၊ ယခု အချိန်ထိ အဖြူ၊ အမည်း မသဲကွဲသေးကြောင်း၊ ဆောက်လုပ်ခွင့် ရရှိရန် မျှော်လင့်နေကြကြောင်း၊ ထိုကိစ္စအပေါ်တွင် မည်သည့်အတွက်ကြောင့် ကြန့်ကြာနေခြင်းဖြစ် သည်ကို သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက အွန်လိုင်းဂိမ်းကိစ္စများနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားပေးသွားမည်ဖြစ်ကြောင်း၊ မန္တလေးမဟော်သဓာကိစ္စနှင့် ပတ်သက်၍ အဆင့်ဆင့် တင်ပြထားသည်များရှိကြောင်း၊ မိမိတို့ စိစစ်ဆောင်ရွက်နေကြောင်း၊ တချို့သော မူဝါဒများရှိကြောင်း၊ ယခင်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ထိုကျောင်းသည် အဆင့်မီမှန်းသိရကြောင်း၊ သို့သော် မိမိတို့အနေနှင့် တစ်ခုတည်း လုပ်ရခြင်းမဟုတ်ကြောင်း၊ အများနှင့် လုပ်ကိုင်ရခြင်းဖြစ်ကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိကြောင်း၊ တချို့ပညာရေးဝန်ကြီးဌာနမှ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများ၏ ဆရာ၊ ဆရာမများကို မိမိတို့က အဆင့်မြှင့် တင်ပေးခြင်း၊ ထောက်ပံ့ပေးခြင်းများကို လုပ်ဆောင်ပေးနေကြောင်း၊ အလယ်တန်းအဆင့်ထိ လက်ခံကြောင်း၊ အလယ်တန်းအဆင့်မှ အသက်မွေးဝမ်းကျောင်းပညာကို ကူးမည့်အဆင့်ထိ သင်ကြားပေးနိုင်သည်အထိ ခွင့်ပြု၍ရကြောင်း၊ သို့သော် အထက်တန်းအဆင့်တွင် အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘွဲ့ယူမည့်လမ်းကြောင်းကိုသွားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ပြန်လည်စိစစ်၍ မူဝါဒချထားရာတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များရှိပြီးသည်က ရှိပြီးဖြစ်ကြောင်း၊ ယခင်ကရှိပြီးဖြစ်သည့် ကျောင်းများကို လက်ရှိအခြေအနေ အတိုင်း ဆက်လက်ခွင့်ပြုပေးမည်ဖြစ်ပြီး နောက်ထပ်ဖွင့်လှစ်မည့်ကျောင်းများကို အလယ် တန်းအဆင့်အထိသာခွင့်ပြုပြီး အထက်တန်းအဆင့်ကိုမူ အခြေခံပညာ အထက်တန်းကျောင်း များတွင် ပြန်လည်တက်ရောက်စေရန် ပြန်လည်သုံးသပ်မှုများ လုပ်ဆောင်နေကြောင်း၊ ထို့ပြင် မဟော်သဓာကျောင်း မြေလျှောက်ထားမှုမှာ ပညာဒါနစာသင်ကျောင်းဆောက်လုပ်ရန် တင်ပြလာခြင်းဖြစ်ပြီး မြေလျှောက်ထားမှု ၁ ဒသမ၂၇ ဧကရှိကြောင်း၊ OA(အခြားမြေ) ဖြစ်သည့် အတွက် အစိုးရစီမံခန့်ခွဲမှုမြေဖြစ်ရန် သက်ဆိုင်ရာဌာနများမှ အမှုတွဲများ တည်ဆောက်ဆောင် ရွက်လျက်ရှိကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တချို့ကိစ္စများတွင် မူဝါဒအရ ကြန့်ကြာနေရခြင်းဖြစ်ကြောင်း။
နံပါတ်(၂)မေးခွန်းသည် အခြားအဆင့်စစ်သည်များ အရာရှိဖြစ်ရန်ကိစ္စကို ပြောရမည်ဆိုပါက တပ်မတော်တွင် ကျောင်းများရှိကြောင်း၊ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးပညာတက္ကသိုလ်တို့ကို မဆိုလိုဘဲ၊ ယခုနောက်ပိုင်းတွင် ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီးစာရေးသင်တန်းများ ပေါ်ပေါက်လာကြောင်း၊ ခေတ်မီတပ်မတော်တစ်ရပ် ထူထောင်ရန်အတွက် လိုအပ်ချက်အရ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ အင်ဂျင်နီယာဘာသာရပ်တွင်လည်း GTI အဆင့်နှင့်ညီသည့် ကျောင်းများပေါ်လာကြောင်း၊ ၎င်းအသက်တို့နှင့် နှိုင်းယှဉ်ရကြောင်း၊ သို့သော် စစ်မြေပြင်ထူးချွန်မှုရှိသည့်အပြင် လုပ်ငန်းကျွမ်းကျင်မှု၊ လုပ်ရည်ကိုင်ရည်များကို ကြည့်ရှုရပါကြောင်း၊ တချို့သော စက်မှုလက်မှုစစ်သည်များ ဆိုလျှင်၎င်း၏ ကျွမ်းကျင်မှု၊ အလုပ်အကိုင်ပေါ်မူတည်ပြီး ခန့်အပ်ရေး၊ အဆင့်တိုးမြှင့်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းများနှင့်ချိန်ညှိရသည့် အတွက်ယခင်ကထက် အနည်းငယ်ကန့်သတ်ချက်များရှိကြောင်း၊ သို့သော် ကန့်သတ်ချက်များကျော်လွှားနိုင်သည်က စစ်မြေပြင်ထူးချွန်သည့်သူများ၊ တကယ်အလုပ်လုပ်သည့်သူများအတွက် သီးခြားအရည် အချင်းသတ်မှတ်ချက်များ ရှိပြီးဖြစ်ကြောင်း၊ အွန်လိုင်းဂိမ်းကိစ္စများ နှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကဆောင်ရွက်နိုင်သည့် အခြေအနေများကို ပြောကြားပေးမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်၊၊
ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အွန်လိုင်းဂိမ်းများနှင့် ပတ်သက်ပြီး လက်ရှိလောင်းကစားဥပဒေအရ မိမိတို့ခွင့်ပြုထားသည်များ မရှိကြောင်း၊ အွန်လိုင်းဂိမ်းများနှင့် ပတ်သက်ပြီး CID တွင် နည်းပညာဌာနရှိကြောင်း၊ CID နည်းပညာဌာနက အွန်လိုင်းဂိမ်းလုပ် သည့်အကောင့်များကို စောင့်ကြည့်စိစစ်ပြီး ၎င်းတို့၏ အချက်အလက်များကို ဆက်လက်ဖော်ထုတ်ကာ ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊
မိမိတို့ကဂိမ်းများနှင့်ပတ်သက်ပြီး သံသယရှိသည့် ငွေကြေးလွှဲပြောင်းမှုများကိုလည်း ငွေကြေးဆိုင်ရာမှုခင်းများ တားဆီးနှိမ်နင်းစောင့်ကြည့်ရေး ရဲတပ်ဖွဲများက စောင့်ကြည့်စိစစ်ပြီး သက်ဆိုင်ရာ မသင်္ကာသည့်ဘဏ်အကောင့်များ စိစစ်ထားခြင်း၊ ဥပဒေအရအရေးယူဆောင် ရွက်နိုင်ရန် ထိုဘဏ်အကောင့်များ ဖျက်သိမ်းနိုင်ရေးကို ပေါင်းစပ်ပြီး ဆောင်ရွက်နေကြောင်း၊ ထိုအကောင့်များကို စိစစ်သည့်နေရာတွင် တချို့အကောင့်များသည် ၎င်းတို့၏ Profile ကို လျှို့ဝှက်ထားခြင်းများရှိသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ရသည့်အပိုင်းများရှိကြောင်း၊ အွန်လိုင်းဂိမ်းများကို မိမိတို့က CID နည်းပညာ အကူအညီများဖြင့် စိစစ်ဖော်ထုတ်ပြီးဆောင်ရွက်နေကြောင်း ဖြည့်စွက်ဖြေကြားသည်၊၊
Myammar Insider Journal မှ အယ်ဒီတာချုပ် ဦးအေးချမ်းက Social Punishment နှင့် ပတ်သက်ပြီး မြန်မာပြည်မှ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများကို တပ်မတော်နှင့်ပတ်သက်ခြင်း၊ တပ်မတော်မိသားစု ပိုင်ဖြစ်ခြင်း၊ တပ်မတော်ကို မပုန်ကန်ခြင်းတို့ကြောင့် ကုမ္ပဏီကို ပျက်စီးအောင် Social Punishment လုပ်ခြင်းသည် Digital အကြမ်းဖက် မှုတစ်ရပ်ဖြစ်သည့် အပြင် အွန်လိုင်းမှ မြန်မာ့စီးပွားရေးကို တိုက်ရိုက်ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ထိုကုမ္ပဏီများကလည်း နိုင်ငံတော်စီးပွား ပြန်လည်တိုးတက်ရန် အပြည့်အဝ ပြန်လည်ကူညီ လုပ်ဆောင်လိုသည့်အချိန်တွင် Social Punishment ၏ ဘေးရန်ကာကွယ်ရန်မရှိသည့် အတွက်ကြောင့် အပြည့်အဝပြန်လည်စတင်လုပ်ဆောင်ရန် ခက်ခဲနေကြောင်း၊ ထိုသို့သော မြန်မာကုမ္ပဏီများကို Social Punishment အကြမ်းဖက်မှုမှကာကွယ်ရန်နှင့် နောက်နောင် Social Punishment ထပ်လုပ်လျှင် အစိုးရကမည်သို့ ကာကွယ်ပေးမည်လဲဆိုသည်ကို သိလို ကြောင်း၊ နံပါတ်(၂)မေးခွန်းသည် Facebook နှင့် ပတ်သက်ကြောင်း၊ နိုင်ငံတော်ပုန်ကန်ခြင်း ဖြစ်စေ၊ သတင်းဦးသတင်းမှားများ ဖြန့်ဝေခြင်းဖြစ်စေ၊ နိုင်ငံတော်ပျက်စီးအောင်လုပ်ဆောင် ခြင်းဖြစ်စေ၊ လူကုန်ကူးခြင်း၊ ဘေးမဲ့တိရစ္ဆာန်ကုန်ကူးမှု၊ ငွေစက္ကူအတု၊ မကောင်းတာမှန်သမျှ လုပ်သည့် Platform သည် Facebook ဖြစ်နေသည့်အတွက် Facebook သည် ပိုအကျိုးယုတ်သည်ကို လူအများစုကလက်ခံကြောင်း၊ ၂၀၁၃ ခုနှစ် အင်တာနက်များဖွင့်သည့် အချိန်ကစပြီး မြန်မာကုမ္ပဏီများက Facebook ကြော်ငြာပေါင်းများစွာ သန်းနှင့်ချီ လစဉ်ထည့်ခဲ့ကြောင်း၊ ထိုအတွက် Facebook ကလည်း မြန်မာပြည်အတွက် ဝင်ငွေခွန်တစ်ပြားမှ မပေးခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းပြည်အတွက် ကောင်းကျိုးနည်းပြီး ဆိုးကျိုးအများကြီးရှိ နေသည့် Digital Platform တစ်ခုကို အစိုးရက မည်ကဲ့သို့လုပ်ဆောင်မည်ကို သိလိုပါကြောင်းနှင့် အစိုးရအနေဖြင့် Facebook အား Contacts လုပ်လာစေချင်လျှင် လွယ်လွယ်လေးဖြစ်ကြောင်း၊ မြန်မာကုမ္ပဏီများကို Facebook တွင် ကြော်ငြာထည့်ခြင်းကို ချက်ချင်းပိတ်လိုက်လျှင် Facebook က ၎င်း၏ ဝင်ငွေစထိတာနှင့် အစိုးရကို ဆက်သွယ်လာ မည်ဖြစ်ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက Social Punishment လုပ်သည့် ကုမ္ပဏီတချို့လည်း ခြိမ်းခြောက် စာပို့ခံရကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာများကို တိုင်ကြားနိုင်သည်ဟု ပြောကြားပြီးဖြစ်ကြောင်း၊ ထူးဆန်းခြင်းတစ်ခုက တိုင်ကြားခြင်းမျိုးသိပ်မတွေ့ရကြောင်း၊ သို့သော် အပြင်တွင် ပြောဆိုခြင်းရှိကြောင်း၊ ၎င်းတို့မည်သို့လုပ်ခံရကြောင်း၊ တချို့ကြိတ်ပြီး လုပ်ဆောင်သည့် လူများလည်းရှိကြောင်း၊ ယင်းသို့လုပ်ခြင်းမျိုးရှိလျှင် မိမိတို့အနေဖြင့် အရေးယူပေးနိုင်ရန် အသင့်ရှိကြောင်း၊ တစ်ခုတိုက်တွန်းလိုသည်မှာ လက်တွေ့တွင်လည်း မြင်ပြီးဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ လယ်ခန့်မှစပြီး ခြိမ်းခြောက်လာခြင်းဖြစ်ကြောင်း၊ ယခုအချိန်ထိရှိနေကြောင်း၊ လေလှိုင်းပေါ်တွင် ခြိမ်းခြောက်တိုင်းရပ်နေမည်လားဟု ပြောလိုကြောင်း၊ စီးပွားရေးလုပ်ငန်းဖြစ်စေ၊ ဘဝပဲဖြစ်စေသိပ်ပြီးရပ်နေရန် အချိန်မရှိဘူးဟု မိမိမြင်ကြောင်း၊ ယင်းသည် မြန်မာနိုင်ငံရေးအရဖြစ်ကြောင်း၊ ကျန်သည့်နိုင်ငံများမှ ကုမ္ပဏီများသည်လည်း ခြိမ်းခြောက်မှုနှင့်ကင်းသည်လား၊ စွပ်စွဲမှုနှင့်ကင်းသည်လားဆိုလျှင် မကင်းနိုင်ဘူး ဟုမြင်ကြောင်း၊ တချို့အရာများကို အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် လုပ်ပေးမည်ဖြစ်ကြောင်း၊ ကုမ္ပဏီများ အနေဖြင့် လည်းရပ်နေမည်လား၊ သွားနေမည်လားဟု ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ အကုန်လုံးကို အစိုးရက တာဝန်ယူပေးရမည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ အစိုးရအနေဖြင့် တတ်နိုင်သမျှ တာဝန်ယူမှုရှိရှိဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ Facebook နှင့်ပတ်သက်ပြီး အကြံပြုခြင်းသည် ကောင်းမွန်ကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆောင်ရွက်ပေးသွားမည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
Bloomberg Myanmar သတင်းဌာနမှ သတင်းထောက်ဒေါ်ပိုးသင်္ဂီကျော်က လက်ရှိ သွင်းကုန်ပါမစ်များကို နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ၏ ခွင့်ပြုချက်ရမှသာ ဆောင်ရွက်ပေးနေသည်ဟု သိရပါကြောင်း၊ သွင်းကုန်လိုင်စင်ထုတ်ပေးသည်နှင့် နိုင်ငံခြားငွေ ရောင်းချပေးသည်ဟု သိရပါကြောင်း၊ တစ်ဒေါ်လာကို ၁,၈၅၀ ကျပ် သတ်မှတ်လိုက်သည့် ဧပြီလမှစ၍ လက်ရှိအချိန်ထိ သွင်းကုန်ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ မည်မျှရောင်းချပေးခဲ့သည်၊ စက်သုံးဆီ၊ စားအုန်းဆီကဏ္ဍတစ်ခုချင်းစီတွင် မည်သည့်ဈေးဖြင့် ရောင်းချပေးခဲ့သည်ကို သိလိုပါကြောင်း၊ ဆက်လက်၍ ဒေါ်လာဈေးသည် ဗဟိုဘဏ်က သတ်မှတ်ဈေးနှင့် ပြင်ပပေါက် ဈေးအလွန်ကွာဟနေပါကြောင်း၊ ထိုသို့ကွာဟနေမှုကြောင့် ရောင်းဝယ်မှု၊ ကုန်သွယ်မှုပြုလုပ်သည့်အခါတွင် အလွန်ခက်ခဲနေကြောင်း၊အရှုံးပေါ်နေသည်ဟုလည်း သိရပါကြောင်း၊ ယင်းတို့ကို မည်သို့ထိန်းညှိပေးမည့် အစီအစဉ်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက စားသုံးဆီ၊ စက်သုံးဆီနှင့်ပတ်သက်ပြီး ရောင်းချပေးခဲ့သည်များရှိကြောင်း၊ ယခုထိ ရောင်းချပေးမှုပေါင်း အကြမ်းဖျင်းအနေဖြင့် ဒေါ်လာ သိန်း ၂,၀၈၀ ခန့် ရောင်းချပြီးဖြစ်ကြောင်း၊ စက်သုံးဆီအနေဖြင့် ဒေါ်လာ သိန်း ၁၂,၅၀၀ ကျော် ရောင်းချခဲ့ ပြီးဖြစ်ကြောင်း၊ ဒေါ်လာဈေး/ ရွှေဈေးတည်ငြိမ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံခြားငွေသုံးစွဲမှု ကြီးကြပ်ရေးကော်မတီက ဦးစီးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ပေါက်ဈေးဖြင့် ချိန်နေသည်များရှိကြောင်း၊ တချို့ရွှေဈေးများသည် အပြင်တွင် အခြေအနေတစ်ရပ်ကြောင့် ကမ္ဘာ့ရွှေဈေးကျနေသော်လည်း မြန်မာ့ရွှေဈေးမြင့်တက်နေသည့် အနေအထားမျိုးရှိကြောင်း၊ ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်သွားနိုင်မည့် အခြေအနေများ လည်းရှိကြောင်း၊ စီးပွားရေးအရှိန်အဟုန်မြှင့်တင်ရေးအတွက် နိုင်ငံတော်က ချေးငွေပေးမည့် ကိစ္စများရှိကြောင်း၊ ထိုချေးငွေပေးမည့်ကိစ္စများဖြင့် စတင်ဆောင်ရွက်နိုင်မည်ဆိုပါက အခြေအနေတစ်ခုထိ တည်ငြိမ်သွားနိုင်မည်ဟု မိမိတို့မျှော်လင့်ပါကြောင်း ပြန်လည်ဖြေကြား သည်။
People Media Agency မှ သတင်းထောက်ချုပ် ဦးကျော်စိုးဦးက စစ်ကိုင်းတိုင်းဒေသကြီး တွင်ရှိသည့် ရှမ်းနီများ၊ ကချင်ပြည်နယ်တွင် နေထိုင်သည့် ရှမ်းနီများသည် ၎င်းတို့ ဒေသလုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့လိုကြကြောင်း၊ ၎င်းတို့ ပြည်သူ့စစ် ဖွဲ့မည်ကို နိုင်ငံတော် အနေဖြင့် မည်သည့်သဘောထားရှိသည်ကို တိုင်းရင်းသားခေါင်းဆောင် တချို့သိလိုကြကြောင်း၊ လက်ရှိ ဇူလိုင်လအတွင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအတုဖြင့် Passport လျှောက်ရန် အကျိုးဆောင်ပေးသည့် အမျိုးသမီးတစ်ဦးကို သက်ဆိုင်ရာကဖမ်းဆီးပြီး ၎င်းအမျိုးသမီးနှင့် သက်ဆိုင်သည့် တာဝန်ရှိရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ထိန်းသိမ်းစစ်ဆေးနေသည်ဟု သတင်းများထွက် ပေါ်နေပါကြောင်း၊ ယင်းသတင်းနှင့်ပတ်သက်ပြီး မှန်/မမှန်သိလိုကြောင်း၊ မှန်သည်ဆိုပါကနိုင်ငံတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သို့ဆက်လက် ဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူ့စစ်ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ရှင်းပြခဲ့ပြီးဖြစ်ကြောင်း၊ ပြည်သူ့စစ်ကိုဒေသများ၊ တိုင်းရင်းသားများက လိုအပ်ပါက တိုင်းစစ်ဌာနချုပ်များဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ရှိပါကြောင်း၊ ပြန်လည်စိစစ်ခြင်း၊ လိုအပ်သည့် ကူညီထောက်ပံ့မှုပေးခြင်း၊ သင်တန်းပေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းဒေသနှင့် သက်ဆိုင်သည်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က သက်ဆိုင်မည်ထင်ပါကြောင်း၊ ဒေသခံတပ်ရင်းများမှ တစ်ဆင့် ဆက်သွယ်၍ ဆောင်ရွက်နိုင်သည်ဟု ပြောလိုပါကြောင်း၊ Passport ကိစ္စနှင့် ပတ်သက်၍ ခေါ်ယူစစ်ဆေးနေခြင်းများရှိကြောင်း၊ ခေါ်ယူစစ်ဆေးနေသည့်ပွဲစားများ၊ တချို့ဝန်ထမ်းများရှိကြောင်း၊ စစ်ဆေးမှုမပြီးသေးသည့်ကာလအတွင်း တစ်စုံတစ်ရာ ထုတ်ဖော် ပြောကြားမည်မဟုတ်ကြောင်း၊ Passport ကိစ္စတွင် မသမာမှုရှိခြင်းနှင့် Passport လုပ်ရာတွင် နှောင့်နှေးကြန့်ကြာမှုရှိခြင်းတို့ကို မူတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)