Skip to main content

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော် ဇူလိုင် ၃၁

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇူလိုင် ၃၀ ရက် ညနေပိုင်းတွင် ပုဗ္ဗသီရိတပ်နယ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် ၅၁ ကီလိုတန်း၊ ၆၀ ကီလိုတန်း၊ ၅၄ ကီလိုတန်းနှင့် ၅၇ ကီလိုတန်း (က)အဆင့်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ ဂုဏ်ပြုဆု၊ လူသစ်တန်း၊ (က)တန်းနှင့် အလွတ်တန်းအဆင့်ပြိုင်ပွဲများတွင် အကောင်းဆုံးကစားသမားဆုရရှိသူများ၊ အသင်းလိုက် ပထမဆုရရှိသူများနှင့် ဒိုင်းဆုရရှိသည့် အသင်းတို့ကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ငွေသားဆုများ ပေးအပ်ကြသည်။

အဆိုပါ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များမှ ပြိုင်ပွဲဝင်အသင်း ငါးသင်းဖြင့် ဇူလိုင် ၂၃ ရက်မှ ၃၀ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်