နေပြည်တော် ဇူလိုင် ၃၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့ကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း တရားမဝင်ကျွန်းသစ်နှင့် သစ်မာ၂၀ ဒသမ ၈၇၄ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၁၃၀၇၅၂) ကို သိမ်းဆည်းရမိခဲ့ပြီးသစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၃၀ ရက်တွင် ကချင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များကနန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သတင်းအရစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့မောင်းနှင်လာသော ခရီးသည်တင်ယာဉ်တစ်စီးပေါ်မှ တရားမဝင် ကန့်သတ်ကုန်ပစ္စည်းများဖြစ်သည့် အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ် ၃၂၀၀ ခန့်(ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေး-ပြင်ဦးလွင် ကားလမ်းမိုင်တိုင်အမှတ် ၂၀ မိုင် ၃ ဖာလုံခန့်၌ မသင်္ကာဖွယ် ရပ်တန့်ထားသောကုန်တင်ယာဉ်တစ်စီးပေါ်မှ တရားဝင်အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ ဖုန်းအပိုပစ္စည်းများ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၀၂၂၀၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော ၁၀ ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀) စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၅၄၀၂၂၀၅၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၂၈ ရက်၊၂၉ ရက်နှင့် ၃၀ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု၊(ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၇၃၅၂၈၀၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်