ရန်ကုန် ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် အတွင်းရေးမှူး ဦးညွန့်ဖေနှင့်အတူ ယနေ့နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် စက်ရုံလမ်းရှိ မအူကုန်း စည်ပင်ဝန်ထမ်းအိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market)စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန် အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း/ ဈေးဝယ် ပြုလုပ်ကြရန် မှာကြားပြီး Mask များ ဝေငှသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် မအူကုန်း အိမ်ရာဝင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံ ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ချိန်အတွင်း ပြီးစီးရေးနှင့် အားကစားပွဲများ ပြန်လည် ကျင်းပနိုင်ရေး ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁)ရပ်ကွက် ရွှေတောင်ကြား ရိပ်သာလမ်း၊ ငွေဝတ်မှုံ ရိပ်သာသို့ သွားရောက်၍ အဆိုပါ ရပ်ကွက်အတွင်း ရေပေးဝေနိုင်ရေး 110 mm HDPE ပိုက်လိုင်းအရှည် ၈၇၆ ပေ ဆက်သွယ်ရန် မြောင်းတူး ဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းတစ်လျှောက် သန့်ရှင်းသာယာရေးနှင့် လမ်းများပြုပြင်ရေး ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်