Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းမိသားစုများ၏ သား/သမီး၊ ကျောင်းသား/သူများ ပညာထူးချွန်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၃၁

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများ၏ သား/သမီးများအနက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာထူးချွန်ဆု ချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား/ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီးဒေါ်နီလာစိန်၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်၏ ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးရုံး အပါအဝင် တပ်ဖွဲ့/ ဦးစီးဌာနအလိုက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ပညာ သင်ကြားမည့် ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ချီးမြှင့်ရာ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက လက်ခံရယူကြသည်။     

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက (၆)ဘာသာ ဂုဏ်ထူးရှင် ကျောင်းသား/ ကျောင်းသူ ခြောက်ဦးကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီး ဒေါ်နီလာစိန်က (၆)ဘာသာ ဂုဏ်ထူးရှင် ကျောင်းသား/ ကျောင်းသူ ငါးဦးကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က (၅)ဘာသာ ဂုဏ်ထူးရှင် ကျောင်းသား/ ကျောင်းသူ ငါးဦးကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၏ ဇနီး ဒေါ်မိုးစန္ဒာဝင်းက (၅)ဘာသာ ဂုဏ်ထူးရှင် ကျောင်းသား/ကျောင်းသူ လေးဦးကို လည်းကောင်း၊ ဒုတိယဝန်ကြီး/ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က (၅)ဘာသာ ဂုဏ်ထူးရှင် သုံးဦးကိုလည်းကောင်း၊ ဒုတိယဝန်ကြီး/ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၏ ဇနီး ဒေါ်သဇင်ခိုင်က (၅)ဘာသာ ဂုဏ်ထူးရှင် သုံးဦးကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၏ ဇနီးက (၄)ဘာသာ ဂုဏ်ထူးရှင် ကျောင်းသား/ ကျောင်းသူ ငါးဦးကို လည်းကောင်းဆုများ ပေးအပ် ချီးမြှင့်သည်။

ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ ဇနီးများက (၄)ဘာသာ ဂုဏ်ထူးရှင် ကျောင်းသား/ ကျောင်းသူများကို ဆုများ ပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများကိုယ်စား (၆)ဘာသာ ဂုဏ်ထူးရှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ရဲနိုင်အောင်၏ သမီးဖြစ်သူ မသန့်သီရိအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ဂုဏ်ပြု တေးသီချင်းများဖြင့် ဧည့်ခံ ဖျော်ဖြေကြသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၏ သား/ သမီးများ၊ ကျောင်းသား/ ကျောင်းသူများအနက်မှ (၆)ဘာသာ ဂုဏ်ထူးရှင် ၁၁ ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် ၂၁ ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် ၅၂ ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် ၉၁ ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် ၁၂၅ ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် ၅၅၂ ဦး၊ စုစုပေါင်း ဂုဏ်ထူးရှင် ၈၅၂ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၁၁၅၉ ဦးတို့ဖြစ်ကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ယခုပညာသင်နှစ်အတွက် ငွေကျပ် နှစ်ထောင့်ခြောက်ရာ ခုနစ်သိန်းခုနစ်သောင်း ငါးထောင်ကို ပညာသင် ထောက်ပံ့ကြေး အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်