နေပြည်တော် ဇူလိုင် ၃၁
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက် ဖောက်ခွဲမှုများ ပြုလုပ်ခြင်း၊ ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင် အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာတွင် ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ အိုင်မကျေးရွာ၊ ရှားပင်ရေခဲတိုက်နှင့် ရိုးနဂါးပေါက်တဲတိုက်သွား လမ်းဆုံ၌ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခံရ၍ သံဃာတစ်ပါး ပျံလွန်တော်မူသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖက်ရေတောကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဘဒ္ဒန္တကုသလ သက်တော်(၅၁)နှစ်သည် အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ တစ်ပါးတည်း သီတင်းသုံးနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဆရာတော်အား ဖမ်းဆီးခေါ်ဆောင်ခေါ်ကာ အခင်းဖြစ်နေရာအရောက် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သဖြင့် ဆရာတော်တွင် သေနတ်ထိမှန် ဒဏ်ရာများရရှိကာ ပျံလွန်တော် မူသွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၃ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အထက်ပါဖြစ်စဉ်မှ သာသနာ့အနွယ်ဝင် သံဃာတော်အား ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက် သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။