နေပြည်တော် ဇူလိုင် ၃၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်းကျောင်းသို့ သွားရောက်၍ အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် နိုင်ငံခြားသားမှတ်ပုံတင်ခြင်းနှင့် အခွန်ဆောင်ပျက်ကွက်ဖော်ထုတ်ခြင်း နည်းပြသင်တန်း၌ တတ်ရောက်လျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်သင်တန်းသား အရာရှိများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများကို နိုင်ငံအတွင်း ဥပဒေအရ အမြဲနေနိုင်ငံခြားသားအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်သွားလာသည့် နိုင်ငံခြားသားများကို သွားလာနိုင်နေထိုင်လုပ်ကိုင်ဆောင်ရွက်မှုများ ဥပဒေနှင့်အညီ စနစ်တကျ ဖြစ်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် အဆင့်မြင့်တင်ခြင်းလုပ်ငန်းကို မိမိတို့ဌာနမှ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ အမျိုးသားအကျိုးစီးပွားတို့နှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ နိုင်ငံခြားသားထိန်းသိမ်းရေးလုပ်ငန်းနှင့် ပတ်သက်၍ ကိုယ်ရေးအထောက်အထား စာရွက်စာတမ်းများအား ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရေးသည် အရေးကြီးသည့်လုပ်ငန်းတစ်ခုဖြစ်ပြီး ရုံးအချင်းချင်း ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်တွင်း၌ အမြဲနေနိုင်ငံခြားသားမှတ်ပုံတင်ရေးနှင့် နှစ်စဉ်သက်မှတ်အခွန်ဆောင်နိုင်ရေးအတွက် စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း၊ ယင်းအချက်အလက်များအား မိမိတို့ဌာနမှ ဆောင်ရွက်နေသည့် e-ID စနစ်လုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ရာ မှတ်တမ်းမှတ်ရာများ ပြည့်စုံမှန်ကန်ရေးအတွက် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ယခင်ရှိပြီးသား ပြည်တွင်းနေ နိုင်ငံခြားသားမှတ်ပုံတင်ခြင်းလုပ်ငန်းကို ပိုမိုတိကျမှန်ကန်စေရေးအတွက် အောက်ခြေမြေပြင်ကွင်းဆင်းကာ လုပ်ထုံးလုပ်နည်းများအတိုင်း ကောက်ယူဖြည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံနှင့် ပြည်သူအတွက် ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရန် မိမိတို့၏လုပ်ငန်းများကို တာဝန်ရှိသူအားလုံးက နားလည်သဘောပေါက်ပြီး အောက်ခြေဝန်ထမ်းများအား မှန်ကန်သောဦးဆောင်မှုပေးကာ ကွပ်ကဲကြပ်မတ်ကြရန်လိုကြောင်း ရှင်းလင်းမှာကြားကာ သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ နိုင်ငံခြားသားမှတ်ပုံတင်ခြင်းနည်းပြသင်တန်းကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်သင်တန်းသား(၂၇)ဦး တက်ရောက်ကြပြီး သင်တန်းကို ဇူလိုင် (၂၉)ရက်မှ (၃)ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်သွားရန်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)