နေပြည်တော် ဇူလိုင် ၃၀
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့သည့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၏သားသမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန၏ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းသား/ ကျောင်းသူဘဝတွင် တပည့်ကောင်းများဖြစ်အောင် ကြိုးစားသကဲ့သို့ နောင်အချိန်တွင် တိုင်းပြည်ကို ပြန်လည်ဦးဆောင်ကြမည်ဖြစ်သည့်အတွက် ပညာပြည့်ဝရုံသာမက သန့်ရှင်းဖြူစင်သည့် ကိုယ်ကျင့်တရားများဖြင့် နေထိုင်တတ်ကြရန်လိုကြောင်း၊ မိမိတို့၏ မိသားစုဂုဏ်၊ ကျောင်း၏ဂုဏ်ကို ဆောင်နိုင်ခြင်းမှသည် နိုင်ငံတော်၏ဂုဏ်ကိုပါ ထွန်းလင်းစေအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ငါးဘာသာဂုဏ်ထူးရှင်ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်က နှစ်ဘာသာဂုဏ်ထူးရှင်ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များက တစ်ဘာသာဂုဏ်ထူးရှင် ငါးဦးကိုလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးကို ဆက်လက်ပေးအပ်ရာ မူလတန်းအဆင့် တစ်ဦးလျှင် ငွေကျပ် ၃ဝဝဝဝနှုန်း၊ အလယ်တန်းအဆင့် တစ်ဦးလျှင် ငွေကျပ် ၄ဝဝဝဝ နှုန်း၊ အထက်တန်းအဆင့် တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝဝနှုန်းဖြင့် စုစုပေါင်း ကျောင်းသား/ ကျောင်းသူ ၁၆၈ ဦးအတွက် ငွေကျပ် ၈၂ သိန်းကျော် ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်