Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ လုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၃၀

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၃၀ ကေဗွီ မန်စံ-ရွှေစာရံ မဟာဓာတ်အားလိုင်းရှိ တိမ်းစောင်းချို့ယွင်းမှုဖြစ်ပွားခဲ့သော တာဝါတိုင်အမှတ် ၆၁၃ ပြန်လည်ပြင်ဆင်နေခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း(မန္တလေး)တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ မန်စံ-ရွှေစာရံ မဟာဓာတ်အားလိုင်းရှိ တိမ်းစောင်းချို့ယွင်းမှုဖြစ်ပွားခဲ့သော တာဝါတိုင်အမှတ် ၆၁၃ ပြန်လည်ပြင်ဆင်နေခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ အမြန်ဆုံးသုံးစွဲနိုင်ရေးအတွက် တာဝါတိုင်ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို အမြန်ဆုံးပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းနှင့် မဒဲကျွန်း ရေနံသိုလှောင်စခန်းတို့မှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပို့လွှတ်ပေးနေမှုကို ထိန်းချုပ်ဖြန့်ဖြုးပေးနေသည့် မန္တလေးမြို့ရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း(မန္တလေး)သို့ရောက်ရှိရာ အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဥက္ကဋ္ဌ Mr. Li Zinlin နှင့်တာဝန်ရှိသူများက ဓာတ်ငွေ့ပိုက်လိုင်းပင်မထိန်းချုပ်ရေးစခန်းနှင့် ပိုက်လိုင်းတစ် လျှောက်ရှိ ထိန်းဖြန့်စခန်းများ၏ ဝန်ထမ်းအင်အားနှင့် လုပ်ငန်းဆောင်ရွက်နေမှု၊ သဘာဝဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေသည့် စက်ရုံများသို့ သဘာဝဓာတ်ငွေ့များ ပို့လွှတ်နေမှု၊ ပိုက်လိုင်းနှင့် ဝင်ငွေရရှိမှုကို ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများမှ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် နှစ်နိုင်ငံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေပြီး ဝင်ငွေတိုးတက်ရရှိစေသော စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်သောလျှပ်စစ်ဓာတ်အားများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့များ ယခုထက်ပိုမိုရရှိသုံးစွဲနိုင်ရေး အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များ စဉ်ဆက်မပြတ် ပို့လွှတ်ပေးနိုင်ရေး ပိုက်လိုင်းကြံ့ခိုင်မှုအတွက် လိုအပ်သောစစ်ဆေးခြင်းများ သတ်မှတ်အချိန်၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အလေးထားဆောင်ရွက်ရန်ဖြစ်ကြောင်း မှာကြားပြီး ပိုက်လိုင်းစခန်းအတွင်းရှိ control center ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ဖြန့်ဖြူးပေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်