နေပြည်တော် ဇူလိုင် ၂၉
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ရွှေကြာပင်အားကစားကွင်း၌ RC(၂)ထပ် အထူးတန်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံ ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် ရွှေကြာပင်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးကုမ္ပဏီတို့မှ တာဝန်ရှိသူများက ရတနာပန္နက်တော်တင်မည့် ပန္နက်တိုင်(၉)နေရာတို့တွင် နေရာယူကြပြီး ပန္နက်တော်ဌာနတွင် ရတနာပန္နက်တော်(၉)ချက်တင်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးသည်။
ဆက်လက်ပြီး Greeco ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် ပေ(၁၈၀ x ၁၅၀) မိုးလုံလေလုံအားကစားရုံ တည်ဆောက်ခြင်းစီမံကိန်း "ပန္နက်တော်တင်နှင့် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား"ကို ဆက်လက်ကျင်းပရာ အကြီးအကဲများမှ ရတနာပန္နက်တော်တင်မည့် တိုင်(၉)နေရာတွင်နေရာယူပြီး ပန္နက်တော်ဌာနများတွင် ရတနာပန္နက်တော်များကို တွင်းတော်တူး၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ထို့နောက် ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲတတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို နံနက်(၉)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇင်မင်းထက်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ပိုက်ကျော်ခြင်း အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (တတိယလုပွဲ)ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက စက်မှုဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ (ဗိုလ်လုပွဲ)ပွဲစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ စတုတ္ထဆုရရှိသည့် စက်မှုဝန်ကြီးဌာနအသင်းအား ငွေသားဆုငွေကျပ်(၁၀)သိန်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၅)သိန်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း(၂၀)ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇင်မင်းထက်ကလည်းကောင်း၊ ပထဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း(၃၀)ကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကလည်းကောင်း၊ ပထဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား တံခွန်စိုက်ဒိုင်းဆုကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)